နေပြည်တော် ဇန်နဝါရီ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိအား ယနေ့ ညနေ ၄ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် “အေးအတူပူအမျှအသိုက်အဝန်း” ထူထောင်နိုင်ရေး အတွက် လုပ်ငန်းစီမံချက်ကို နိုင်ငံတော်အဆင့် ခရီးစဉ်များ စီစဉ်သည့်အခါ လက်မှတ်ရေး ထိုးသွားနိုင်သည့် အခြေအနေ၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာ ပြည်သူများအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားရေး၊ မြန်မာ-တရုတ်ယဉ်ကျေးမှု ခရီးသွားလာရေးနှစ် အခမ်းအနားများကို ၂၀၂၁ ခုနှစ်တွင် ဆက်လက် ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက် သွားရေး၊ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာ စာတို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်၍ အပြုသဘောကူညီပံ့ပိုးပေးသွားရေး ကိစ္စရပ်တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း တရုတ်နိုင်ငံ အကြီး အကဲများက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကား ပါးလိုက်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ယခုခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး နှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျေးလက်လမ်း တံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာနှင့် တရုတ်အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာများကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ ကြသည်။