Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မကွေးတိုင်းဒေသကြီးမှ ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံ၍ လက်တွေ့ အခြေအနေများအား အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဧပြီ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်း အဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မကွေးတိုင်း ဒေသကြီးမှ ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ချောက်မြို့နယ် စလေတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာ ခင်မာလွင်က စလေတိုက်နယ်ဆေးရုံအောက်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် COVID-19 ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများရှိသည့် ကျေးရွာများ၌ ကျန်းမာရေးပညာပေးခြင်း၊ အဖျားတိုင်းခြင်းနှင့်စာစောင်များဖြန့်ဝေခြင်း၊ တိုက်နယ်ဆေးရုံနယ်မြေရှိ Community Based Facility Quarantine site ()ခု၌ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့်(၉၁)ဦးအား သီးခြားစောင့်ကြည့်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် ယင်း Quarantine site များတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေကို လည်းကောင်း၊ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူးဦးအေးကိုကို ကတိုက်ရိုက်ထိ တိုက်ရိုက်တွေ့၊ ပြည်သူမှပြည်သူသို့ အစီအစဉ်များဖြစ်သည့်မကွေး ပြည်သူ့ဆေးရုံ၊ မင်းဘူးပြည်သူ့ဆေးရုံနှင့် သင်ကြားရေးဆေးရုံတို့ရှိ အထူးကြပ်မတ် ဆောင်၌ တာဝန်ကျ ဆရာဝန်၊ ဆရာမ၊ လုံခြုံရေးဝန်ထမ်းနှင့် Volunteer တို့အား စားသောက်စရိတ်()လစာ ထောက်ပံ့နေမှုနှင့် ရွှေပြည်နန်းကုမ္ပဏီမှ မတည် ပေါင်းစပ်ပြီး အခြားအလှူရှင်များနှင့်အတူ စားသောက်စရိတ်များ ထောက်ပံ့လှူဒါန်းခဲ့မှု၊ Quarantine ဧရိယာရှိ ဝန်ထမ်းများ၏ စားသောက်စရိတ်ကို အလှူရှင် မရှိသည့်နေ့များ၌ တာဝန်ယူ လှူဒါန်းခဲ့မှု၊ တိုက်ရိုက်ထိ တိုက်ရိုက်လှူစနစ်ဖြင့် မကွေးပြည်သူ့ဆေးရုံ နား၊ နှာခေါင်း၊ ရောဂါဗေဒဌာနသို့ PPE ဝတ်စုံနှင့် ECG စက်တို့ လှူဒါန်းခဲ့မှု၊ မကွေးပြည်သူ့ဆေးရုံတွင် ကျွေးမွေးစရိတ် (၁၂)သိန်းလှူဒါန်းခဲ့မှု၊ မင်းဘူးပြည်သူ့ဆေးရုံ၌ အသက်ရှူစက် လှူဒါန်းခဲ့မှု၊ မကွေးမြို့ပေါ်ရှိ လူမှုရေးပရဟိတ အသင်းအဖွဲ့များသို့ PPE ဝတ်စုံများနှင့် Mask များလှူဒါန်းခဲ့မှု၊ ဧပြီ ရက်မှစတင်၍ Mask တစ်သောင်းကျော် သီးသန့်ချုပ်၍ မကွေးမြို့ပေါ်ရှိ ပြည်သူများသို့ လှူဒါန်းခဲ့မှု အခြေအနေများကို လည်းကောင်း၊ အောင်လံမြို့နယ် ဗိုလ်လုကုန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်လွင် က တရုတ်နိုင်ငံစက်ရုံများတွင် ပိတ်မိနေသော အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာများမှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း(၁၅၀)ဦးခန့်ကို ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်အထိ သွားရောက်ကြိုဆိုရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှု၊ ပြန်လည် ရောက်ရှိလာသော အဆိုပါ ပြည်တော်ပြန်များကို ဆေးစစ်ခြင်းနှင့် ဗိုလ်လုကုန်းကျေးရွာ အထက(ခွဲ) ရှိ Facility Quarantine Centre ထားရှိ၍ ကြီးကြပ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်ပြောကြားရာတွင် Home Quarantine ကိုလည်း မိမိအနေဖြင့် စိတ်ပူပါကြောင်း၊ ယခုမနက် ဆုံးပါးသွားသူသည် မိသားစုထံမှ ပြန်လည်ကူးစက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ Home Quarantine မှ လာကြသူ များသည် ကိုယ့်မိသားစုအပေါ်တွင် တာဝန်ကြီးသွားပြီဆိုသည်ကို သဘောပေါက်ကြစေ လိုကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် မနေထိုင်ဘဲ နေချင်သလိုနေမည်ဆိုပါက ကိုယ့် မိသားစုအတွက် အန္တရာယ်ရှိသွားပြီဆိုသည်ကို သဘောပေါက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုယ့်မိသားစုမှတစ်ဆင့် ကိုယ့်ရပ်ကိုယ့်ရွာအတွက်လည်း အန္တရာယ်ရှိသွားပြီ ဆိုသည်ကို သဘောပေါက်ရမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် ကျေးရွာနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်မှု ရှိ၊ မရှိကို ကျေးရွာများ တိုးတက်မှု ရှိ၊ မရှိကို ကြည့်ရမည် ဖြစ်ပါကြောင်း၊ လက်ကိုင်အော်လန်များ မရှိသည့် ကျေးရွာများကို မိမိအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ စေတနာအင်အားကြောင့် ဝိုင်းဝန်းလှူဒါန်းကြမည့်သူများရှိမည်ဟု ထင်ပါကြောင်း၊ ယင်းကိစ္စကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ကျေးရွာတိုင်း တစ်နေ့လျှင် သုံးကြိမ် COVID-19 နှင့် ပတ်သက်၍ အသိပေးဆော်ဩရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကျေးရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက အများတွေ့မြင်နိုင်သည့်နေရာများတွင် COVID-19 နှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ကြေညာပေးစေလိုပါကြောင်း၊ ယင်းမှာသတိပြုရန်ဖြစ်ပါကြောင်း၊ အစိုးရိမ်မလွန်ကြစေလိုပါကြောင်း၊ မိမိအတွက် စဉ်းစားရာတွင် မိမိအသိုင်းအဝိုင်းအတွက်ပါ စဉ်းစားကြစေလိုကြောင်း၊ အုပ်ချုပ်ရေး အနေဖြင့် တစ်ခါတစ်ရံအမုန်းခံရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးဆိုလျှင် အကောင်းမမြင် ကြပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေကြောင့် ဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပါက ရေရှည်တွင် နားလည်လာမည်ဖြစ်ပါကြောင်း၊ နောင်တွင် ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကို ပြည်သူများကငါတို့အားကိုးစရာ၊ ငါတို့အတွက် ရှိနေတဲ့အဖွဲ့ဖြစ်တယ်။ ငါတို့ပြည်သူတွေကို ကာကွယ်ဖို့ အကျိုးဆောင်တဲ့ အဖွဲ့ဖြစ်တယ်ဆိုတဲ့စိတ်ဓာတ်ဖြစ်အောင် ယခုအချိန်တွင်တန်ဖိုးရှိရှိ အသုံးချစေလိုကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရိမ်မလွန်ကြစေရန် အသိပေးရမည် ဖြစ်ပါကြောင်း။

ယခု ရက်သတ္တပတ်အတွင်း၊ နောင်လာမည့် ရက်သတ္တပတ်အတွင်း Quarantineမှ ထွက်လာမည့်သူများအား ပညာပေးရန်နှင့် စည်းကမ်းဖြင့်နေထိုင်ရန်မှာ စိန်ခေါ်မှုဖြစ်မည် ထင်ပါကြောင်း၊ ပြည်လည်ရောက်ရှိလာကြသူများထဲမှ ရောဂါပါရှိသူများအနေဖြင့် လက္ခဏာပြမည့်အချိန်ဖြစ်ပါကြောင်း၊ ယင်းကိစ္စမှာ ကြောက်စရာကိစ္စ မဟုတ်ပါကြောင်း၊ သတိ၊ စည်းကမ်းဖြင့် ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြင်ဆင်မှုများ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ပရဟိတအဖွဲ့အစည်း များအနေဖြင့်လည်း အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများအကြား သဟဇာတ ဖြစ်အောင်၊ အစိုးရ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူများနားလည်အောင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ တစ်ဦးချင်းတစ်ဦးချင်း မိမိတာဝန်ကို မိမိကျေပွန် အောင် ဆောင်ရွက်သွားမည်ဆိုပါက ယခု COVID-19 ရောဂါစိန်ခေါ်မှုကြီးကို ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီကြရန် လိုအပ်ပါကြောင်း၊တစ်ယောက်ကောင်းမှအားလုံးကောင်းမည်၊ အားလုံးကောင်းမှ တစ်ယောက်ကောင်းမည်ဆိုသည့် စိတ်ဓာတ်ကို ဆောက်တည်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့တွင် မြောက်ဥက္ကလာပဆေးရုံ၌ အသက်(၆၃)အရွယ် တစ်ဦး ဆုံးပါးသွားပါကြောင်း၊ ၎င်းမှာ အခြေခံအားဖြင့် သွေးတိုး၊ ဆီးချိုရှိပါကြောင်း၊ ရောဂါအခံရှိသူမှာပို၍ အန္တရာယ် ရှိပါကြောင်း၊ ထို့ကြောင့် သတိထားကြစေလိုကြောင်း၊ တစ်ဦးတစ်ယောက် ဆုံးပါးခြင်း သည်လည်း မိမိတို့နိုင်ငံအတွက် ဆုံးရှုံးခြင်းဖြစ်ပါကြောင်း၊ နောင်ထပ်မံ ဆုံးရှုံးမှုမရှိစေရန် အတတ်နိုင်ဆုံး ကူညီဝိုင်းဝန်းကြစေလိုကြောင်း ပြောကြားသည်။

(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် မကွေးတိုင်းဒေသကြီးမှ ပါဝင်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့မှု အပြည့်အစုံအား ယနေ့ ညနေ () နာရီနှင့် ညနေ () နာရီသတင်းအပြီးတို့တွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ပါကြောင်း ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။)