Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး

အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍

ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

 

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်)

 

ဒီနေ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ အခြေအနေတွေကို တင်ပြတဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ပြန့်ပွားမှု နည်းသွားတယ်လို့ ပြောလို့ မရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေအနေနဲ့၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ အထူးဂရုစိုက်ဖို့ ကျွန်မထပ်ပြီး သတိပေးချင်ပါတယ်။ အထူးသဖြင့်ဆိုရင် လူ စုစု ဝေးဝေးနေရတဲ့ နေရာတွေမှာ ဒီလိုရောဂါမျိုးက ပြန့်ပွားတတ်ပါတယ်။ ဒါကြောင့် ဥပမာ ဆိုရင် စာသင်ကျောင်းတွေကို  ပိတ်ထားတာ ဖြစ်ပါတယ်။ သင်တန်းကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေစသဖြင့် စုစုဝေးဝေး နေရတဲ့နေရာတွေမှာဆိုရင် ဖြစ်ပွားမှုဟာများပါတယ်။

အခု ပြန့်ပွားမှုဟာ ဘယ်လို နေရာတွေမှာ ဖြစ်နေသလဲ၊ ဘယ်လိုအခြေအနေတွေမှာ ဖြစ်နေသလဲလို့ ကြည့်လိုက်တဲ့ အခါကျတော့ ရပ်ထဲရွာထဲမှာ ပြန့်ပွားနေတဲ့ အခြေအနေ တွေကိုပဲ ပြောရမှာပေါ့။ အထူးသဖြင့် သွားလာနေတဲ့ ပုဂ္ဂိုလ်များကြားထဲမှာ ပြန့်ပွားတာပေါ့။ အဝေးပြေးယာဉ်တွေမောင်းတဲ့ ယာဉ်မောင်းတွေကို အခုဆိုရင် စစ်ဆေးနိုင်တဲ့အခြေ အနေရှိတဲ့အခါကျတော့ စစ်ဆေးတဲ့အခါမှာ သန်သန်မာမာလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တွေက တကယ်တော့ ရောဂါပိုးရှိနေတယ် ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ထပ်ပြီးတော့လည်း ပြောပါရစေ။ အကြိမ်နှစ်ရာတော့ မကတော့ဘူးထင်တယ်။ ဒါပေမယ့် ထပ်တော့ပြောပါရစေ။ ရောဂါလက္ခဏာ မမြင်ရတဲ့သူတွေ အများကြီးရှိပါတယ်။ ရောဂါရှိနေတယ်၊ ရောဂါလက္ခဏာ မမြင်ရဘူး။ အခြေခံကျန်းမာရေးကောင်းလို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီလို အခြေခံ ကျန်းမာရေးကောင်းတဲ့သူတွေဆီကနေ တခြားအခြေခံကျန်းမာရေး မကောင်းတဲ့သူတွေဆီကို ကူးသွားရင် အင်မတန်မှ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်တစ်ယောက်တည်း အတွက်သာ စဉ်းစားဖို့ မဟုတ်ဘဲ အများအတွက်၊ ပတ်ဝန်းကျင်အတွက် စဉ်းစားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်အတွက် စဉ်းစားဖို့ အရေးကြီးတယ်လို့ ပြောတဲ့နေရာမှာ ရောဂါကူးပြီးတဲ့အခါ စိုးရိမ်ရသလားဆိုတော့ စိုးရိမ်သင့်သလောက် စိုးရိမ်ရပါတယ်။ ဘယ်လိုပဲ ပြောပြောပေါ့။ အခုဆိုရင် လူငယ်ပိုင်းကလည်း ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေ ရှိလာပါတယ်။ အဲဒီတော့ လူငယ်ပိုင်းဆိုပေမယ့်လည်း အသက်နဲ့မဆိုင်ဘူးပေါ့။ အခြေခံ ကျန်းမာရေးကောင်းတာ၊ မကောင်းတာ ဆိုတာ အသက်နဲ့မဆိုင်ပါဘူး။ တစ်ခါတလေလည်း ရောဂါကြီးကြီးမားမား မဟုတ်လို့ အခြေခံရောဂါရှိတယ်ဆိုတာ မပေါ်ပေမယ့်လည်း အခြေခံ တစ်ခုခု အားနည်းချက်ရှိနေတဲ့ အခါကျတော့ ရောဂါပိုးဝင်တဲ့အခါကျရင် မခံနိုင်တဲ့ အခြေအနေတွေကို ရောက်သွားနိုင်ပါတယ်။

ကျွန်မအရင်တစ်ခါ ပြောတုန်းက ပြောဖူးပါတယ်။ ကျွန်မတို့အနေနဲ့ အကောင်းဆုံး ဆေးတွေရအောင်လို့ ပြည်သူတွေအတွက် စီစဉ်ပါတယ်။ နောက်ပြီးတော့ ပြောရခက်တဲ့ Remdesivir ပေါ့။ အဲဒီဆေးဟာဆိုရင် တတ်နိုင်သလောက် ဒီရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ပြည်သူတွေအတွက် သုံးပါတယ်။ သို့သော်လည်း အများကြီးမရှိပါဘူးဆိုတာတော့ ပြောပါရစေ။ အခုဆိုရင် ကျွန်မတို့မှာရှိတဲ့နှုန်းဟာ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မယ်ဆိုတော့ ထပ်ပြီးတော့လည်း တတ်နိုင်သမျှ ကျွန်မတို့ရအောင်လို့လုပ်ပါမယ်။ အိန္ဒိယနိုင်ငံကလည်း လှူခဲ့တာတွေလည်း ရှိပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တတ်နိုင်သမျှလုပ်ပေမယ့် အရင်းခံအားဖြင့်တော့ ပြည်သူတွေကိုယ်တိုင်က ကျန်းမာအောင်နေတတ်ဖို့က အဓိကပါပဲ။ အဲဒီတော့ ကုသပေးတဲ့ အခါကျရင် ဒီဆေးနဲ့ဆိုရင် ၁၀၀ ရာခိုင်နှုန်း အာမခံတယ်လို့လည်း ပြောလို့မရပါဘူး။ ဒီဆေးက ဘယ်လိုပဲစွမ်းစွမ်း ၁၀၀ ရာခိုင်နှုန်း အာမခံချက်မရှိပါဘူး။ နောက်ပြီးတော့ အခု အခြေအနေမှာတော့ ရောဂါကူးစက်သူတွေ ၁၀ဝ ရာခိုင်နှုန်းအတွက် သုံးပေးနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ တတ်နိုင်သမျှတော့ လုပ်ပေးနေပါတယ်။ ထပ်ပြီးတော့လည်း ရအောင်လုပ်ပါမယ်။ နောက်ဆုံးကျတော့ ပြည်သူတွေက ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ အဓိကပဲဖြစ်ပါတယ်။ ထပ်ပြီးသတိပေးချင်တာကတော့ စိုးရိမ်လည်းမလွန်ပါနဲ့။ စိုးရိမ်လွန်ရင် ကိုယ်ခံစွမ်းအား ကျပါတယ်လို့ ပြောချင်ပါတယ်။

အခုအချိန်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေကို လည်ပတ်နိုင်တဲ့ အခြေအနေရှိရင် လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လည်ပတ်နိုင်တဲ့ အခြေအနေဆိုတာ ဘယ်လို ပြောတာလဲဆိုတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ၊ စံနှုန်းတွေအရ ဖွင့်နိုင်ခြေရှိတဲ့ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေပါ။ A အဆင့်ဆိုတာ လုံခြုံတယ်၊ စိတ်ချရတယ်ဆိုတဲ့ သဘောပါ။ အဲဒီ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ပြီးတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လုပ်တယ်ဆိုတာက အခု ရေတိုတင်မကပါဘူး၊ ရေရှည် ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးအတွက် ကြည့်ပြီးတော့  လုပ်ရပါတယ်။

ဒီလိုအချိန်မှာ စက်ရုံတွေ၊ အလုပ်ရုံတွေ အထူးသဖြင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ကြာကြာရပ်သွားရတယ်ဆိုရင် အဲဒီရင်းနှီးမြှုပ်နှံမှု တွေက ဆက်ပြီး ရချင်မှရမှာပါ။ အဲဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားရတယ်ဆိုရင် ရေရှည်မှာ ကျွန်မတို့ရဲ့ စီးပွားရေး၊ ကျွန်မတို့ အလုပ်သမားများရဲ့ ဘဝကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံများကို မြန်မြန်ဆန်ဆန် ပြန်ပြီးတော့ လည်ပတ်စေချင်ပါတယ်။ ဒီလိုလည်ပတ်နိုင်ဖို့ အဓိကကျတာကတော့ အလုပ်သမားများဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နေရမှာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေမှာလည်း တာဝန်ရှိသလို အလုပ်သမားတွေ တစ်ဦးချင်း တစ်ဦးချင်းမှာလည်း တာဝန်ရှိပါတယ်။ စက်ရုံ၊ အလုပ်ရုံအတွင်းမှာ ဘယ်လိုအခြေအနေ ရှိသင့်သလဲဆိုတာကို အားလုံးသိအောင်လို့ ကျွန်မတို့ ကြေညာထားပြီးသား ဖြစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ ကိုက်ညီစွာနေမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေအတွက် လုံခြုံမှုရှိမှာပါ။ နောက်ဆုံးတော့လည်း ဒါပါပဲ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ အင်မတန်မှ ရိုးရှင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျနဲ့ တစ်ကယ့်ကို ခိုင်ခိုင်လုံလုံ လိုက်နာနိုင်မယ်ဆိုရင် ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

ရောဂါပြန့်ပွားမှုနဲ့ပတ်သက်လို့ ကျွန်မတို့ ပညာပေးအစီအစဉ်တွေ လုပ်နေတယ်ဆိုတာ ပြည်သူတွေလည်း သိပြီးသားဖြစ်ပါတယ်။ ဖြစ်နိုင်ရင်နားထောင်ပါ။ နားထောင်တဲ့အခါကျမှ အခြေအနေကိုလည်းသိရမယ်။ မလိုအပ်တဲ့ကိစ္စတွေကိုလည်း မစိုးရိမ်ရဘူးပေါ့။ တချို့ကျတော့ မလိုအပ်ဘဲနဲ့ စိုးရိမ်ကြောင့်ကြမှုများနေတာလည်း ရှိပါတယ်။ ဒါပေမယ့် သတိဆိုတာလည်း လွန်ကဲတယ်လို့ မရှိဘူးဆိုတာကိုလည်း သဘောပေါက်အောင်လို့ ကျွန်မတို့ ဒီလို ဆောင်ရွက် ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အတန်တန် ပြောနေတဲ့အတိုင်းပဲပေါ့။ ခုအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံက စိန်ခေါ်မှုကြီး (၂)ရပ်ကို ရင်ဆိုင်နေရတယ်။ အထွေထွေရွေးကောက်ပွဲ များကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့နဲ့ ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင် ကျော်လွှား နိုင်ဖို့ပဲဖြစ်ပါတယ်။

ကိုဗစ်ရောဂါကို ဘယ်လောက်ကြာကြာ လုပ်ရဦးမှာလဲဆိုတော့ ကျွန်မတို့ နားလည် သလောက်ကတော့ပေါ့။ ပညာရှင်များရဲ့အမြင်မှာတော့ ကာကွယ်ဆေးဆိုတာ သိပ်ပြီးတော့ မကြာတော့တဲ့ ကာလမှာ ဖြစ်နိုင်မယ်။ ပေါ်တော့မယ်။ သုံးနိုင်တဲ့ အခြေအနေရောက်မယ်လို့ ပြောကြပါတယ်။ ဒါလည်း ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ မပြောလိုပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံးအချိန်ကို ရောက်နေပြီလို့ တချို့၊ တချို့ဆိုတာ တော်တော်များများပေါ့။ ကျန်းမာရေး အမြင်ပိုင်းဆိုင်ရာ ပညာရှင်များက သတ်မှတ်ပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေ ရောက်တဲ့ အထိကို အားလုံးဟာ ရောဂါကူးစက်ဖို့ အန္တရာယ်ရှိနေသေးတယ် ဆိုတာကိုတော့ သတိပြု စေချင်ပါတယ်။ ရောဂါရပြီး ပြန်ပြီးတော့ကောင်းလာလို့  ဆေးရုံကဆင်းလာတဲ့သူတွေ အတွက်လည်း အန္တရာယ်ရှိပါသေးတယ်။ အခုထက်ထိ ဒီရောဂါက (၂) ကြိမ် မကူးနိုင်ဘူး ဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။ ဒါကြောင့် သတိထားကြပါ။

ဆေးရုံကဆင်းဖို့နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းကြီးက သတ်မှတ်ထားတဲ့ စံနှုန်းစံထားအရ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဆင်းနိုင်ဖို့အတွက် လုပ်ပါတယ်။ ဒီစံနှုန်းတွေအောက်ကို မကျအောင်၊ ဒါပေမယ့် မြန်မြန်ဆန်ဆန် ဆင်းစေချင်တယ်ဆိုတာ ကတော့ ကျွန်မတို့အနေနဲ့ ရောဂါရပြီးတဲ့ ပြည်သူတွေကို ကုသစောင့်ရှောက်မှုများများ မပေးချင်လို့ မဟုတ်ပါဘူး။ နောင်တက်လာမယ့်သူတွေကို ပိုပြီးတော့ စောင့်ရှောက်နိုင်တဲ့ အခြေအနေရှိအောင်လို့ ပြောနေတာဖြစ်ပါတယ်။ ခုထက်ထိရောဂါကလည်း ပြန့်ပွားနေတုန်းပဲ ရှိသေးတယ်။ နောင်လာမယ့် လူနာတွေအတွက်၊ ရောဂါသည်တွေအတွက် ဆေးရုံတွေမှာ လုံလုံလောက်လောက် နေရာတွေ ရှိရမယ်။ နောက်ပြီးတော့ အင်မတန်မှ ကျေးဇူးတင်ရမှာ ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ပိုပြီးတော့ အလုပ်အကိုင်ကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။ ရောဂါကူးစက်သူ များလာတာတဲ့အမျှ ကျန်းမာရေး ဝန်ထမ်းတွေ ဦးရေက များလာတာ မဟုတ်ပါဘူး။ များလာတဲ့ လူနာဦးရေကို ရှိပြီးသား ကျန်းမာရေးဝန်ထမ်းတွေက တတ်နိုင်သမျှ ပီပီပြင်ပြင် စောင့်ရှောက်နိုင်အောင်လို့ ကြိုးစား နေတာဖြစ်ပါတယ်။

စောစောကပြောသလို အထွေထွေရွေးကောက်ပွဲဟာလည်း ဒီအချိန်မှာ စိန်ခေါ်မှုကြီး တစ်ခုဖြစ်ပါတယ်။ စိန်ခေါ်မှုကြီးတစ်ခုဆိုပေမယ့်လည်း ဒါကိုလည်း ပြည်သူလူထုအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ငံခြားမှာတော့ စတင်ပြီး ကြိုတင်မဲတွေ ပေးနေပြီဆိုတာ ပြည်သူတွေသိပြီး ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် မဲပေးချင်တဲ့ စာရင်းဝင်ထားသူ ၁၀၉၄၇၀ ထဲကဆိုရင် ၅၀၅၂၀ ဟာ မဲပေးပြီး ဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း နိုင်ငံတကာသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ မဲပေးစရာရှိပါသေးတယ်။ နိုင်ငံခြားမှာတော့ ရွေးကောက်ပွဲက စနေပါပြီ။ ဒီနိုင်ငံမှာလည်း မကြာခင် စပါတော့မယ်။ ပြည်သူများသိတဲ့အတိုင်းပဲ ပိုပြီးတော့ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့်စုံစုံ မဲပေးနိုင်ဖို့အတွက် အသက် ၆၀ ကျော်တွေကို အထူးအခွင့်အရေး တစ်ခုအနေနဲ့၊ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နောက်ပြီးတော့လည်း မဲရုံတွေမှာ သိပ်ပြီးတော့ လူစုလူဝေး မဖြစ်ဖို့အတွက်ဆိုပြီး ကြိုတင်မဲပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သွားနိုင်လာနိုင် ကျန်းကျန်းမာမာရှိတဲ့ ပုဂ္ဂိုလ် များဟာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားပြီးတော့ ကြိုတင်မဲပေးလို့ရပါတယ်။

အကယ်၍ ကျန်းမာရေးကြောင့် မသွားနိုင်ဘူး၊ မလာနိုင်ဘူး ဆိုရင်လည်း အိမ်မှာ လာပြီးတော့ ကြိုတင်မဲ လာယူပေးဖို့ စီစဉ်ပေးလို့ ရပါတယ်။ ကြိုတင်မဲတွေနဲ့ပတ်သက်လို့ ဆိုရင် ဆေးရုံတွေမှာ၊ Quarantine Center တွေမှာလည်း ပြည်သူတွေက အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကြိုတင်မဲတွေပေးနိုင်ဖို့အတွက် စီစဉ်ထားတာလည်းရှိပါတယ်။ ဒါကြောင့် ဒီအစီအစဉ်တွေကို အဟောသိကံ မဖြစ်ရအောင် ပြည်သူပြည်သားတွေအားလုံး၊ မဲပေးခွင့်ရှိသူ များအားလုံးက ဒီအစီအစဉ်တွေအရ မဲပေးစေချင်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှအရေးကြီးပါတယ်။ ကိုဗစ်ကလည်း ကျွန်မတို့နိုင်ငံရဲ့ အခုလောလောဆယ် အခြေအနေအတွက် အရေးကြီးပါတယ်။ နောက်ပြီးတော့ သိပ်ရှည်ရှည်ကြီး မဟုတ်ရင်တောင်မှ နောင် ၁ နှစ်၊ ၂ နှစ်အတွက် စီးပွားရေးကိုလည်း မထိခိုက်အောင်လို့ ကျွန်မတို့ ကြိုးပမ်း နေသလို ပြည်သူပြည်သားတွေကလည်း  ဝိုင်းပြီးတော့ ကြိုးပမ်းတဲ့အနေနဲ့ ရောဂါမရဖို့ အတွက် ကျန်းကျန်းမာမာရှိအောင်နေကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။

အားလုံးကျန်းကျန်းမာမာဖြစ်အောင် နေနိုင်ပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။