Submitted by cwmsco1 on Wed, 01/11/2017 - 14:54

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန

ကြေညာချက်အမှတ် (၁/၂၀၁၇)

၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်

(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းနိုင်ရေး

၁။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလေးထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ် ညှိနှိုင်း အဖြေရှာနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေကို နိုင်ငံတော်က စနစ်တကျဖြင့် ကျခံ သုံးစွဲလျက် ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ကျခံသုံးစွဲရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရုံသာမက ထိထိ ရောက်ရောက် အကျိုးဖြစ်ထွန်းစေရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ကျယ်ပြန့်လှသောငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင် စေရေး အတွက် လိုအပ်သောရန်ပုံငွေများ ရရှိရေး၊ ရရှိလာသော ရန်ပုံငွေများကို မျှတညီညွတ်စွာ ခွဲဝေ ပေးနိုင်ရေး၊ ရန်ပုံငွေများ သုံးစွဲရာတွင် စနစ်တကျနှင့်ထိထိရောက်ရောက် အကျိုး ဖြစ်ထွန်းနိုင်ရေး တို့မှာ အရေးကြီးလှပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ဝိုင်းဝန်း ကူညီ ပံ့ပိုးလျက်ရှိရာ ယင်းကူညီ ထောက်ပံ့မှုများကိုစနစ်တကျ ဖြန့်ခွဲမျှဝေနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding JCB) ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

 

၃။ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြည်ထောင်စုတိုင်းရင်းသား မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်ပြီး တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြမှသာ ပြည်သူလူထုပါဝင်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်သော ရန်ပုံငွေရှာဖွေစုဆောင်းရာတွင်လည်း နိုင်ငံတကာမှ အလှူရှင်များသာမက ပြည်တွင်းအလှူရှင်များ၏ ထည့်ဝင် လှူဒါန်းမှုသည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြန်မာ နိုင်ငံသားများ ပါဝင်နိုင်ရေးအတွက် အထူး အရေးကြီးလှပါသည်။ ထိုသို့ ပြည်သူအများ ထည့်ဝင် လှူဒါန်းနိုင်ရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေး ရန်ပုံငွေ (NRPC-Peace Fund) ကို မြန်မာ့ စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲ၊ ငွေစုဘဏ်စာရင်း၊ SF-၀၀၄၀၄၈ တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။

 

၄။ သို့ပါ၍ ပြည်တွင်းမှ လှူဒါန်းလိုသောအလှူရှင်အဖွဲ့အစည်းများ၊ အလှူရှင်ပုဂ္ဂိုလ်များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးရန်ပုံငွေတွင် ထည့်ဝင် လှူဒါန်းခြင်းဖြင့် မိမိနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မိမိတို့ကိုယ်တိုင် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာအသိပေးကြေညာအပ်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန