Submitted by cwmsco1 on Wed, 01/04/2017 - 15:50

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇) ကျင်းပ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာ စကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၃

ပြဿနာများ ဖြစ်ပေါ်လာလျှင် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်း ဆောင်ရွက်သွားရမည်သာ ဖြစ်ကြောင်း၊ စွပ်စွဲပြောကြားမှုများအား လက်တွေ့လုပ်ဆောင်ချက်များကို အခြေခံ သည့် အမှန်တရားဖြင့် တုံ့ပြန်သွားရန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟို ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို အစိုးရသစ်လက်ထက် မေလကုန်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် အရေးကိစ္စသည် များစွာ သိမ်မွေ့ နက်နဲ ကျယ်ပြန့်ပြီး အရေးကြီးလှသည့်အတွက် ယခုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာ ၉ ရက်တွင် အကြမ်းဖက် တိုက်ခိုက် ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသအရေးကိစ္စ ရှေ့တန်းရောက်လာခဲ့ကြောင်း၊ မောင်တော ဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလော ဦးစားပေးဆောင်ရွက်လျက် ရှိသော်လည်း ရခိုင် ပြည်နယ် တစ်ခုလုံးအရေးကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေကြောင်း၊ အခြေအနေများကို လေ့လာကြည့်ပါက တည်ငြိမ်အေးချမ်းစပြုလာလျှင် နောက်ထပ်ပြဿနာ အသစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့်တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

 

ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများ၊ ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ ကဏ္ဍ များအား ဖြည့်ဆည်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဝန်ကြီးဌာန များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက် ပေးမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။

 

ထို့ပြင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် NVC ကတ် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ များကို လည်းကောင်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ယနေ့အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။