Submitted by cwmsco1 on Wed, 01/04/2017 - 21:20

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Mrs. Albertina Soliani ဦးဆောင်သည့် အီတလီ-မြန်မာချစ်ကြည်ရေးအသင်းဝင်များအား မြန်မာရိုးရာ အစားအစာ များဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဇန်နဝါရီ ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် Ms. Albertina Soliani ဦးဆောင်သည့် အီတလီမြန်မာချစ်ကြည်ရေးအသင်းဝင် ၃၈ ဦးအား နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည်။

 

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အီတလီမြန်မာ ချစ်ကြည်ရေးအသင်းဝင်များအား ရင်းနှီး နွေးထွေးစွာ တစ်ဦးချင်း လိုက်လံနှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဝင်များနှင့် အတူ မြန်မာ့ရိုးရာအစားအစာများကို အတူတကွသုံးဆောင်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

အီတလီ-မြန်မာချစ်ကြည်ရေး အသင်းတွင် အီတလီနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကဏ္ဍအလိုက် ပညာရှင်များ၊ ရှေ့နေများ၊ အင်ဂျင်နီယာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား လူငယ်များ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အသင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည့် အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်း မြန်မာနိုင်ငံ တာဝန်ခံ ဦးသူရထွန်းက “ဒီအသင်းကို ၂၀၀၄ ခုနှစ် အီတလီနိုင်ငံ ပါးမားမြို့မှာ စပြီးတော့ တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်။ အသင်းရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ပညာရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအပြင် ဒီမိုကရေစီ စနစ်နဲ့ပတ်သက်ပြီးတော့ ပိုမိုခိုင်မာလာအောင် မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။

 

ပညာရေးနဲ့ပတ်သက်ပြီး မိဘမဲ့ကလေးတွေအတွက် စာသင်ကျောင်း တည်ဆောက်ဖို့ ငွေကြေး လှူဒါန်းခြင်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး HIV Center တည်ဆောက်ရေးအတွက် ကူညီ ပံ့ပိုးခြင်းတွေ ပြုလုပ်ပေးပါတယ်။ အခုဒီခရီးစဉ်ကတော့ နောက်ထပ် ပူးပေါင်းဆောင်ရွက်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးမှု၊ လေ့လာမှုတွေ လာလုပ်တာပါ။

 

အဓိကကတော့ ကဏ္ဍ(၃)ရပ်ပါ။ ပညာရေးပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသမီးနှင့် ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒီမိုကရေစီ ပိုမိုခိုင်မာလာရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတို့ ဖြစ်ပါတယ်”ဟု ပြောသည်။