Submitted by cwmsco1 on Mon, 01/02/2017 - 10:56

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း)

နေပြည်တော် ဇန်နဝါရီ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း (ငြိမ်းချမ်းရေးစကားဝိုင်း) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

 

ငြိမ်းချမ်းရေးစကားဝိုင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ အားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသား အားလုံး ၂၀၁၇ ခုနှစ်တွင် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒ အဝ၀နှင့် ပြည့်စုံကြ ပါစေဟု ဆုတောင်းမေတ္တာပို့လိုက်ပါကြောင်း။

 

မိမိတို့၏ သန်း ၅၀ ကျော် နိုင်ငံသူ နိုင်ငံသားများထဲတွင် မြောက်မြားစွာသော ဆန္ဒများရှိမည် ဖြစ်ပါကြောင်း၊ ထိုဆန္ဒများအနက် ဘယ်ဆန္ဒသည် အဓိကအကျဆုံးလဲ၊ ဘယ်ဟာတွေကို ဦးစားပေးပြီး အကောင် အထည်ဖော်ရမလဲ ဆိုသည်ကို ပြည်သူလုထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရတစ်ခ ုအတွက် အကြီးဆုံးတာဝန်တစ်ခု၊ စိန်ခေါ်မှု တစ်ခုဖြစ်ပါကြောင်း။

 

ဘယ်ဆန္ဒကို ဦးစားပေးရမလဲဆိုသည်ကို ရွေးချယ်ရန်လည်း အရေးကြီးပါကြောင်း၊ ယင်းဆန္ဒများကို ဘယ်လို ပုံစံဖြင့် ဖြည့်ဆည်းပေးရမည်ဆိုသည်ကို ဆုံးဖြတ်ရန်လည်း အင်မတန်မှ အရေးကြီး ပါကြောင်း၊ တချို့က နည်းလမ်းက အရေးမကြီးဘူး၊ ကိုယ်လိုရာရရင်ပြီးရောဟု ထင်ကြပါကြောင်း၊ ကိုယ်လိုရာ ပန်းတိုင်ရောက်ရင်ပြီးရော ဘယ်လိုလမ်းကသွားရ၊ သွားရဆိုပြီး ယူဆသူများလည်း ရှိပါကြောင်း၊ မိမိတို့အမြင်တွင် လမ်းမှားသွားလျှင် ပန်းတိုင်ရောက်သည့်အခါ ကိုယ်ထင်သလို မဟုတ်တာ ဖြစ်တတ် ပါကြောင်း၊ လမ်းမှန်ကသွားမှသာလျှင် မိမိတို့ လိုချင်သည့်ပန်းတိုင်ကို မှန်မှန်ကန်ကန် ရောက်မည် ဖြစ်ပါကြောင်း။

 

၂၀၁၇ ခုနှစ်တွင် စတင်စဉ်းစားရမည်မှာ နိုင်ငံအတွက် ဘာတွေ ပထမဦးဆုံး ဦးစားပေးပြီး လုပ်ရမလဲ ဆိုသည့် ကိစ္စဖြစ်ပါကြောင်း၊ ယခင်နှစ်က ပြည်သူလူထု အများစု၏ ရွေးချယ်တင်မြှောက်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ စတင်ထူထောင်ကတည်းက မိမိတို့ တင်ပြထားသည့် ကိစ္စများ ရှိပါကြောင်း၊ ဘာတွေကို မိမိတို့ ဦးစားပေးပြီး ဆောင်ရွက်မလဲဆိုသည်ကို မိမိတို့တင်ပြထားပါကြောင်း၊ ထိုထဲတွင် အရေးကြီးဆုံးတစ်ခုမှာ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်ပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်သူလူထု၏ ဘဝတိုးတက်ရေးသည် မိမိတို့ဦးစားပေးထားသည့် ကိစ္စနှစ်ခုဖြစ်ပါကြောင်း၊ ထိုနှစ်ခုမှာ ဆက်နွှယ်မှုရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် အေးချမ်းမှ နိုင်ငံသူ နိုင်ငံသားများ၏ဘ၀ တိုးတက် နိုင်မည်ဖြစ်ပါကြောင်း၊ ဘဝတိုးတက်မှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုနှစ်ခုကို အရေးအကြီးဆုံး ရည်ရွယ်ချက်အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း။

 

ပထမနှစ်ဦးပိုင်းမှစပြီး မိမိတို့အစိုးရအဖွဲ့တစ်နှစ်ပြည့်မည့် အချိန်အထိ ဝန်ကြီးဌာန၊ အစိုးရဌာန အသီးသီးမှ တစ်နှစ်အတွင်းဆောင်ရွက်ချက်များ၊ တစ်နှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ဘယ်လိုနည်းဖြင့် ကျော်လွှားမလဲဆိုသည့် မိမိတို့ ခန့်မှန်းထားသည့် အစီအစဉ်များကို တင်ပြ သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များအနက် ဦးစားပေးပြီး ကိုယ်တိုင် တာဝန်ယူ ထားသည့် ကိစ္စတစ်ခုမှာ ပြည်တွင်း ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ဖွဲ့ပြီး များမကြာမီ မေလမှစ၍ ဒုတိယပင်လုံညီလာခံ၊ ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပရေးအတွက် ကြိုးစား ခဲ့ပါကြောင်း၊ ဒုတိယပင်လုံ ညီလာခံကြီး ကျင်းပရန်အတွက် ခြေလှမ်းအများကြီးလှမ်းရန် လိုပါကြောင်း၊ ခြေလှမ်းအများကြီး လှမ်းရန်လိုအပ်သည့် အထဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီးမှ တကယ့် ငြိမ်းချမ်းရေးကို မိမိတို့ရနိုင်မည်ဖြစ်ပါကြောင်း၊ ပစ်ရင်းခတ်ရင်းနှင့် ငြိမ်းချမ်းရေး ရသည်ဆိုသည်မှာ မဖြစ်နိုင်ပါကြောင်း၊ တကယ့်ငြိမ်းချမ်းရေး ဆိုသည်မှာ ဆွေးနွေးပွဲစကားဝိုင်းတွင် ထိုင်ပြီး၊ စားပွဲဝိုင်း၌ထိုင်ပြီး ဆွေးနွေးခြင်းဖြင့်သာ ရနိုင်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့သမိုင်းတွင် ဘယ်လောက်ပင် စစ်ပွဲများ တိုက်ခိုက် တိုက်ခိုက် နိဂုံးချုပ်အဖြေမှာ စကားပြောပြီး အဖြေရှာရသည့်ကိစ္စ၊ စားပွဲဝိုင်းတွင် ထိုင်ပြီး ညှိနှိုင်းဆွေးနွေး၍ အဖြေယူရသည့် ကိစ္စပင်ဖြစ်ပါကြောင်း။

 

၂၀၁၇ ခုနှစ်၏ အစပိုင်း ဒီနေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် စကားဖြင့် စချင်သည်ဟု မိမိ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် စကားဆိုသည်မှာ အခုငြိမ်းချမ်းရေး အတွက် လုပ်ကိုင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိမိတို့အစိုးရဘက်မှ အဖွဲ့များ ဆွေးနွေးရုံသာ မဟုတ်ပါကြောင်း၊ မိမိတို့ ပြည်သူပြည်သားများနှင့် ဆွေးနွေးခြင်းကိုဆိုလိုခြင်း ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများ အားလုံးပါလာအောင် မိမိတို့နိုင်ငံသူ နိုင်ငံသားများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဘယ်လိုအမြင်ရှိသလဲ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ပြဿနာများ၊ စိန်ခေါ်မှုများကို ဘယ်လို ကိုင်တွယ်ရန် ရည်ရွယ်ချက်ရှိသလဲဆိုသည်ကို သိရန်လိုပါကြောင်း၊ အားလုံး လက်တွဲပြီးလုပ်လျှင် အောင်မြင်မည့်ကိစ္စ တစ်ခုဖြစ်ပါကြောင်း၊ ဒါကို ဆွေးနွေးရန်အတွက် ဘယ်သူနှင့် စတင် ဆွေးနွေးမလဲဆိုသည်ကို စဉ်းစားပါကြောင်း။

 

အမှန်ပြောရလျှင် မိမိအနေဖြင့် ယခုထက်ငယ်သည့် ကလေးများနှင့် ဆွေးနွေးချင်ပါကြောင်း၊ ပထမဦးဆုံး ကလေးများနှင့်ဆိုလျှင် သိပ်အဆင်မပြေဘူးဆိုပြီး လူငယ်များနှင့် စခြင်းဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် ကလေးများနှင့် ဆွေးနွေးမှုများလည်းလုပ်ချင်ပါကြောင်း၊ စီးပွားရေး သမားများနှင့် ဆွေးနွေးမှုများလည်း လုပ်ချင်ပါကြောင်း၊ ဒါမှ စီးပွားရေးသမားများ၏ နိုင်ငံရေး ငြိမ်းချမ်းရေး အပေါ်အမြင်ကို သိနိုင်မည် ဖြစ်ပါကြောင်း။

 

ဘယ်လိုစီးပွားရေးသမားများက ဝိုင်းဝန်းပြီး ငြိမ်းချမ်းရေးအတွက် ကူညီနိုင်မလဲဆိုသည်ကို ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း၊ ဒီလိုဆွေးနွေးပွဲများ လုပ်ခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသား အားလုံးသည် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို သူတို့လည်း ပိုင်သည်ဆိုသည့်စိတ် ရှိမည်ဖြစ်ကြောင်း၊ ရှိလာစေချင်ကြောင်း၊ အခုခေတ်တွင် နိုင်ငံရေးအရ အင်မတန် အရေးကြီးသည့်စကားလုံးတစ်ခု၊ အသုံးအနှုန်း တစ်ခုမှာ ပိုင်ဆိုင်မှုဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုသည်မှာ တစ်နိုင်ငံလုံး၏ ပိုင်ဆိုင်မှု ဖြစ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အားလုံးပိုင်ဆိုင်ရန် မိမိတို့မှာ တာဝန်ရှိပါကြောင်း။

 

ယခုလိုဆွေးနွေးပွဲများ လုပ်ဖြစ်ရသည့်အကြောင်းအရင်းတစ်ခုမှာ မိမိတို့နိုင်ငံ၌ တူညီသည့် ကိစ္စအများကြီးရှိသည်ကို ပေါ်လွင်စေချင်၍ ဖြစ်ပါကြောင်း၊ လူငယ် ၁၈ ယောက်၏ အတွေးအခေါ်၊ စိုးရိမ်မှု၊ မျှော်လင့်မှု၊ ပူပန်မှုများသည် လူငယ်အများကြီး၏ စိတ်ထဲတွင်ရှိသည့် စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များနှင့် ထပ်တူထားမှ ထပ်မျှဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အချင်းချင်းကြားတွင် ပိုပြီး သွေးစည်းညီညွတ်သည့် အနေအထားကိုလည်း ဖြစ်သွားစေချင်ပါကြောင်း။

 

မိမိတို့အစိုးရဘက်မှ ပြည်သူလူထုကို မတည်နိုင်သည် ကတိများ မည်သည့်အခါကမျှ မပေးခဲ့ပါကြောင်း၊ ပေးခဲ့သည့်ကတိများမှာ ရိုးရိုးသားသား ကတိများပင်ဖြစ်ပါကြောင်း၊ ၎င်းတို့ကိုလည်း မိမိတို့ တည်ခဲ့ ပါကြောင်း၊ ထပ်ပြီး တည်အောင်လုပ်သွားမည်ဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ တစ်ယောက်နှင့် တစ်ယောက် အပေါ် ယုံကြည်မှု ရှိရန်ဖြစ်ပါကြောင်း၊ ယုံကြည်မှုမရှိဘဲ တိုးတက်မှုမရှိနိုင်ပါကြောင်း၊ ကတိများကြီးကြီးမားမားပေးပြီး နောက်တစ်နေ့ ဖျက်လိုက်လျှင် ကောင်းကျိုးမဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည့် မဖြစ်နိုင်သည့်ကိစ္စများကို ပြည်သူများအား ကတိမပေးပါကြောင်း၊ ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ်နှင့် ဆက်ဆံပါမည်ဆိုသည်ကိုပြောပြီး အစိုးရ တာဝန်ကို ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုထိလည်း မိမိတို့၏ အစိုးရတာဝန်ထမ်းဆောင်ခဲ့သည့် ၉ လ အတွင်း ပြည်သူကို ပျက်ပြားခဲ့ခြင်း မရှိပါကြောင်း၊ ပြည်သူကိုပေးခဲ့သည့် ကတိလည်း မိမိတို့ ပျက်ပြားခဲ့ခြင်း မရှိပါကြောင်း၊ မိမိတို့ ဖြစ်စေချင် သလောက် ၉ လ အတွင်း ဖြစ်ခဲ့သလားဆိုလျှင် တချို့အရာတွေ ကတော့ မျှော်မှန်းသလောက် မဖြစ်ပေမယ့် တချို့ကိစ္စတွေမှာတော့ မမျှော်မှန်းဘဲနှင့်လည်း တိုးတက်မှုများ ရှိလာပါကြောင်း၊ ဒါသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါကြောင်း၊ တခြားနိုင်ငံက သံတမန်များ၊ တခြားဒီမိုကရေစီ အပြောင်းအလဲကို ဖြတ်သန်းခဲ့ရသည့်နိုင်ငံမှ သံတမန်များနှင့် ဆွေးနွေးသည့်အခါ သူတို့အနေဖြင့် မိမိတို့၏ တိုးတက်မှုများကို အားရသည်ဟု ဂုဏ်ပြုပါကြောင်း၊ သူတို့ အတွေ့အကြုံအရ မိမိတို့၏ ၉ လအတွင်း လုပ်ဆောင်ချက်များကို သူတို့၏ အမြင်တွင် အားရသည်ဟု ဆိုပါကြောင်း၊ သူတို့ပြောကြားမှုများက မိမိတို့အတွက် အားတက်စရာ ဖြစ်ပါကြောင်း၊ သို့သော် ကျေနပ်နေ၍ မဖြစ်ပါကြောင်း၊ ထပ်ပြီးကြိုးစားနိုင်သည် ဆိုသော စိတ် အပြည့်အဝဖြင့် ဆက်ပြီးလုပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဘာပဲလုပ်လုပ် ကောင်းသော အစိုးရများ၏ အခြေခံ ဖြစ်သည့် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှုဆိုသည့် မူ ၂ ခုကို ဆက်ပြီး ဆုပ်ကိုင်သွားပါမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စကားဝိုင်းသို့ တက်ရောက်လာကြသည့် လူငယ်များက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ လုပ်ပိုင်ခွင့် ပိုမိုရရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိရေး၊ မတူကွဲပြားမှုမှ ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ ပြည်တွင်းစစ်ကြောင့် ရရှိခဲ့သည့် စိတ်ဒဏ်ရာများကုစားနိုင်ရေး၊ ပြည်သူလူထုကို ဗဟိုပြုသည့် တရားဥပဒေဖြင့် အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များပါဝင်ရေး၊ စစ်ကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအား ကူညီ စောင့်ရှောက်ရေးစသည့် ကိစ္စများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်များက ဂါရ၀ပြုပေးအပ်သော အမှတ်တရ ပန်းစည်း လက်ဆောင်အား လက်ခံပြီး လူငယ်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်သည်။

 

အဆိုပါစကားဝိုင်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြု လူငယ် ၁၆ ဦး၊ မသန်စွမ်း ကိုယ်စားပြု လူငယ် ၁ ဦး၊ အမျိုးသမီးကိုယ်စားပြုလူငယ် ၁ ဦးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင်မှအဖွဲ့ဝင်များ တက်ရောက်ကြသည်။