Submitted by cwmsco1 on Fri, 12/30/2016 - 06:03

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၉

ကိုယ်မပျိုးခဲ့၊ ဘာမှဝိုင်းဝန်းမကူညီခဲ့ဘဲ ပျိုးပင်၏အသီးအပွင့်ကို ခံစားမည်ဆိုပါက အင်မတန် ဂုဏ်သိက္ခာ မဲ့သော ကိစ္စဟု မိမိပြောလိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမောင်မယ်များစွာက ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော ပြည်ထောင်စုကြီး၏ အကျိုးကျေးဇူး အသီးအပွင့် များကိုခံစားလိုပါက ကိုယ်ကျရာနေရာမှ ပါဝင်ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ပြောကြားသည်။

 

ကရင်နှစ် ၂၇၅၆ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနအမှတ် (၂) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ရှေ့အနာဂတ်ကို ကြည့်ရမည် ဖြစ်ကြောင်း၊ အနာဂတ်ဆိုသည်မှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်ကို မဆိုလိုကြောင်း၊ နိုင်ငံရေးပညာရှင် တစ်ဦး ပြောကြားခဲ့သကဲ့သို့ နိုင်ငံရေး လုပ်စားသူများအနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲတစ်ခေါက်အတွက် မစဉ်းစားဘဲ နိုင်ငံ၏ နောင်မျိုးဆက်သစ်များအတွက် စဉ်းစားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးသည် နောင်မျိုးဆက်သစ်များအတွက် စဉ်းစားပြီး ကရင် အမျိုးသားများ၏ နှစ်သက်ဖွယ်ကောင်းသော နှစ်သစ်ကူးမှပေးသည့် သင်ခန်းစာများကို ဆင်ခြင် နှလုံးသွင်းပြီး အတူတကွ လက်တွဲ၍ ပြည်ထောင်စုကြီး ခိုင်မာသာယာ၀ပြောအောင် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာနအတွင်း ခင်းကျင်းပြသထားသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ယဉ်ကျေးမှု ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။

 

ယနေ့ ကျင်းပသည့်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား၌ သဘာပတိအဖြစ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆောင်ရွက်ပြီး ကရင်နှစ်သစ်ကူး မိန့်ခွန်းပြောကြားရာတွင် ကရင် အမျိုးသားများ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ပူးပေါင်းညှိနှိုင်း အဖြေရှာ ဆောင်ရွက်ရာမှ ကရင် နှစ်သစ်ကူးနေ့ကို သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းကို နမူနာယူပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများက ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့် ပူးပေါင်းညှိနှိုင်း အဖြေရှာ ဆောင်ရွက်ပါက နိုင်ငံသူ၊ နိုင်ငံသားများ လိုလားတောင့်တနေသည့်ငြိမ်းချမ်းရေးကို ရရှိမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားများ အနေဖြင့် ကရင်အမျိုးသား နှစ်သစ်ကူး နေ့ကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည့်ညီညွတ်ချစ်ခင်စွာ ဆောင်ရွက်မှုများကို မေ့ပျောက်မသွားဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းလုံး ညီညွတ်ချစ်ခင်စွာဖြင့် အစဉ်တစိုက် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်းနှင့် နှစ်ဟောင်းမှ မကောင်းသည်များကို ပယ်ရှားသင်ခန်းစာယူ၍ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်နှင့် ငြိမ်းချမ်းသာယာ၀ပြောသည့်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်နှစ်သစ်ကူးနေ့သည် ကောက်သစ် စားသည့်နေ့လည်း ဖြစ်ပါကြောင်း၊ မိမိတို့ပျိုးထောင်ခဲ့သော ပျိုးပင်များမှ အသီးအပွင့်များ၏ အကျိုး ကျေးဇူးကို ခံစားရသည့်နေ့ဟုလည်း ဆိုနိုင်ပါကြောင်း၊ မိမိတို့ဗုဒ္ဓဘာသာ အယူအဆတွင် ကံ၊ ကံ၏ အကျိုးဟု ပြောရမည် ဖြစ်ပါကြောင်း၊ အလားတူ ခရစ်ယာန် သမ္မာကျမ်းစာတွင်လည်း ကြဲသည့် မျိုးစေ့အတိုင်း ပျိုးပင်ကို ပြန်ရမည်ဟု ပြောထားခြင်းရှိပါကြောင်း၊ ၎င်းတို့သည် မိမိတို့နိုင်ငံနှင့် ပြည်ထောင်စုအတွက် အလေးအနက်ထားရမည့် သင်ခန်းစာ တစ်ခုဖြစ်ပါကြောင်း။

 

ကောင်းတာလုပ်ပါက ကောင်းကျိုး ခံစားရမည်ဖြစ်၍ ပြည်ထောင်စု ကောင်းကျိုးအတွက် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်သည်ကိုလည်း မိမိတို့ နှလုံးသား၌ သိရှိရန် လိုအပ်ပါကြောင်း၊ နှစ်သစ်တွင် မိမိတို့၏ မျှော်လင့်ချက်များ ပြန်လည် ရှင်သန်၊ သစ်ဆန်းအောင် လုပ်ဆောင်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်ပါကြောင်း၊ ယခင်က မကောင်းသည်များ ဖြစ်ခဲ့ပါကလည်း နောင်ဆက် မဖြစ်ရန်နှင့် ကောင်းခဲ့သည် များကို ပိုမိုခိုင်မာ အားကောင်းရန်အတွက် နောက်တစ်ဖန် လုပ်ပိုင်ခွင့် ရရှိသည့် အချိန်ဟုလည်း ပြော၍ ရပါကြောင်း၊ လုပ်ပိုင်ခွင့် ဆိုသည်မှာ ကိုယ်တိုင်အသုံးချတတ်မှလည်း အကျိုးအမြတ် ရရှိမည်ဖြစ်ပါ ကြောင်း၊ အချို့ယဉ်ကျေးမှုများတွင် နှစ်ဆန်း၌ မည်သည်ကို လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို သန္နိဋ္ဌာန် ချတတ်ကြသည်ကို တွေ့ရပါကြောင်း၊ သို့ရာတွင် အဆိုပါသန္နိဋ္ဌာန်များသည် တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်၊ တစ်လအတွင်း သန္နိဋ္ဌာန် မမြဲကြသည်ကိုလည်း မိမိတွေ့မြင်ခဲ့ရပါကြောင်း ပြောကြားသည်။

 

နှစ်တစ်နှစ်စ၍ မိမိတို့ ချခဲ့သော ကောင်းမွန်သည့်သန္နိဋ္ဌာန်များကို ခိုင်မြဲအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစိုက်မတ်မတ် တစ်ဆင့်ပြီး တစ်ဆင့် လုပ်သင့်လုပ်ထိုက် သည် များကို အားကြိုးမာန်တက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် လုပ်ကိုင်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုကြီးတစ်ခု ထူထောင်ပါက ပထမဦးဆုံး မျိုးစေ့များကို ကြဲရမည်ဖြစ်ပြီး အားလုံးက ဝိုင်းဝန်း ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ ဤနေရာတွင် ပျိုးပင်စိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ရိတ်သိမ်းခြင်းတို့ တွင် ပါဝင်ဆောင်ရွက်မှုမရှိဘဲ အကျိုးကျေးဇူးခံစားချိန်၌သာ ပါဝင်မည်ဆိုပါက ယင်းသည် ပြည်ထောင်စု စိတ်ဓာတ်မဟုတ်သည်ကို မိမိ ပြောကြားလိုပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပထမဦးဆုံး ကြဲသည့်နေရာတွင်လည်း ပါဝင်ရမည်ဖြစ်ပြီး ပြုစုပျိုးထောင်ခြင်း၊ ရိတ်သိမ်းခြင်းတို့တွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်ခဲ့ပါမှ ၎င်း၏ အကျိုးကျေးဇူးကို ဝိညာဉ် လိပ်ပြာ သန့်သန့်ရှင်းရှင်းဖြင့် ခံစားနိုင်မည်ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် တိုင်းရင်းသား ပေါင်းမြောက်မြားစွာရှိ၍ ကိုယ်ပိုင် နှစ်သစ်ကူးနေ့များလည်း ရှိကြပါကြောင်း၊ အဆိုပါ နှစ်သစ်ကူးများတွင် တူညီသောကိစ္စသည် နှစ်သစ်ကူး၌ လူအများ၏ မျှော်လင့်ချက်များ ပြန်လည် လန်းဆန်းလာကြပါကြောင်း၊ ပြီးခဲ့သောနှစ်တွင် မဖြစ်ခဲ့သည်များကို ယခုနှစ်တွင် ဖြစ်မြောက်အောင် လုပ်ဆောင်မည်ဆိုသည့်မျှော်လင့်ချက်သည် လူသားတိုင်း၏ သဘာ၀ ဖြစ်ပါကြောင်း၊ မျှော်လင့်ချက်ကို အလုပ်နှင့် မပံ့ပိုးပါက အသီးအပွင့် မဖြစ်လာနိုင်ပါကြောင်း၊ မျှော်လင့်ချက်များ အမှန်တကယ် ထိရောက် အောင် အကောင်အထည်ဖော်နိုင်ရန်လည်း မိမိတို့ အားလုံးက ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ပါကြောင်း။

 

ယခု ကရင်တိုင်းရင်းသားများ၏ နှစ်သစ်ကူးနေ့တွင် အားလုံးဝိုင်းဝန်းပြီး အတူတကွ ဆင်နွှဲခြင်းသည် ပြည်ထောင်စုအတွက် ကောင်းသော လက္ခဏာ နိမိတ်ဟု မိမိပြောလိုပါကြောင်း၊ သို့ရာတွင် နိမိတ်ကိုပဲ အားကိုးနေ၍ မရပါကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ခံစားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံးက ဝိုင်းဝန်းပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုကြီး သာယာ၀ပြောရေးတို့အတွက် လုပ်မည်ဆိုပါ က နှစ်သစ်ကူး အချိန်ကာလသာမက နေ့ရက်တိုင်းသည် နေ့သစ်များဖြစ်ပြီး မိမိတို့ အတွက် ကျေနပ် ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ နောင်လာ နောက်သားများ အနေဖြင့်လည်း ယခု မိမိတို့စိုက်ပျိုးခဲ့သော ငြိမ်းချမ်းရေး မျိုးစေ့များ၏ အသီးအပွင့် များကို ခေတ်အဆက်ဆက် ခံစား၊ စံစားနိုင်မည်ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

ကရင်နှစ် ၂၇၅၆ ခုနှစ် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ သဝဏ်လွှာကို ကရင်တိုင်းရင်းသား စောမာဗယ်လ်က ဖတ်ကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသား များ နှင့်အတူ စုပေါင်းဓာတ်ပုံရိုက်သည်။

 

ကရင်နှစ် ၂၇၅၆ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးစာတမ်းကို မြန်မာဘာသာဖြင့် စောသိန်းလားယစ်၊ အရှေ့ပိုးကရင် ဘာသာဖြင့် နန်းလှ ဒေဝီ၊ စကောကရင် ဘာသာဖြင့် နော်သဝေး၊ အနောက်ပိုးကရင် ဘာသာဖြင့် စဖြိုးဝေကျော်တို့ကဖတ်ကြားကြသည်။

 

ထို့နောက် သဘာပတိ မန်းဝင်းခိုင်သန်းအား ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ (နေပြည်တော်)၊ ကရင် နှစ်သစ်ကူးနေ့ ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)၊ ကရင်တတ်သိပညာရှင်အသင်းနှင့် ကရင် လူမှုရေးအဖွဲ့အစည်း အသီးသီးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အတွက် ဂုဏ်ပြုလက်ဆောင်များကို သက်ဆိုင်ရာ ကိုယ်စားလှယ် များထံ ပေးအပ်ကြသည်။

 

ယင်းနောက် ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ဖီဘူးယော ဖိတ်ခေါ်ခြင်းအက အပါအဝင် ရိုးရာတူရိယာများ၊ တေးသီချင်းများ၊ ဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

 

ယနေ့နံနက်ပိုင်းတွင် ကရင် အမျိုးသားအထိမ်းအမှတ် အလံလွှင့်ထူခြင်း အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ် (၂) ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ လွှင့်ထူပေးခဲ့သည်။