Submitted by admin on Fri, 12/23/2016 - 21:54


မြန်မာကင်းထောက်ရာပြည့် အခမ်းအနားကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြား

ရန်ကုန် ဒီဇင်ဘာ ၂၃

မြန်မာကင်းထောက်ရာပြည့်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင်  ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး ဂုဏ်ပြု အမှာစကားပြောကြားသည်။

မြန်မာကင်းထောက်ရာပြည့် အခမ်းအနားကို အင်္လကာကျော်စွာ ဟင်္သာတမြင့်ငွေ ဂုဏ်ပြုစပ်ဆိုသည့် ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် ဖွင့်လှစ်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိငယ်စဉ်က ကင်းထောက် ဝတ်စုံဝတ်ပြီး ကင်းထောက်အဖွဲ့တွင် အတူတူပါဝင်ခဲ့သည့် မိတ်ဆွေများ နှင့် ယခုကဲ့သို့အတူ မရပ်ခဲ့ရသည်မှာ အနှစ်ငါးဆယ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ကင်းထောက်များ၏ စိတ်ဓါတ်များ ရှင်သန်နေသေးသည်ကို တွေ့ရသည့် အတွက် ဝမ်းမြောက်မိပါကြောင်း။

ကင်းထောက်လူငယ်များ၏ လှူပ်ရှားမှုဆိုသည်မှာ လူငယ်များ စိတ်ဓါတ် ဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်ရေးနည်းတစ်မျိုးပင် ဖြစ်ပါကြောင်း၊ ကောင်းသည့် ကိစ္စများကို အားလုံးအတူတူဝိုင်းဝန်းဆောင်ရွက်ခြင်းသည် တစ်ဘဝအတွက် ခိုင်မြဲသည့် မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များ ရှာဖွေခြင်းပင်ဖြစ် ပါကြောင်း၊ ကောင်းသည့် ကိစ္စများ ကို အတူတူ လုပ်ဆောင်ခြင်းထက် ပို၍ ခိုင်မြဲနိုင်သည့် အဆက်အသွယ်မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကင်းထောက်လူငယ်မောင်မယ်များ ယခုကဲ့သို့စုစည်းနိုင်သည့် အခြေအနေ ပြန်လည်ရောက်ရှိလာသည်ကို ဝမ်းမြောက်မိပါကြောင်း။

ကင်းထောက်တစ်ယောက်အနေဖြင့်  ငယ်ငယ်ကတည်းက သင်ပေးလိုက်သည့် စံနှုန်း၊ စံထားများသည် တစ်ဘဝစွဲလန်း သွားနိုင်ပါကြောင်း၊ ထိုစံနှုန်း စံထားများဖြင့်  မိမိ်ကိုယ်တိုင် အတွက်သာမက မိမိတို့ အသိုင်းအဝန်းအတွက်၊ နိုင်ငံအတွက်၊ ကမ္ဘာအတွက် များစွာ အကျိုးပြုနိုင် မည်ဖြစ်ပါကြောင်း၊ ကင်းထောက် လှုပ်ရှားမှုဆိုသည်မှာ တစ်ကမ္ဘာလုံးဖြင့် သက်ဆိုင်သည့် လှုပ်ရှားမှု ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းနှင့် သက်ဆိုင်သည့် လှုပ်ရှားမှု မဟုတ်ပါကြောင်း၊ သို့သော်  နိုင်ငံတစ်ခုချင်း၏ ကောင်းကျိုး ပြုမှုသည် တစ်မ္ဘာလုံးကို အကျိုးပြုနိုင်သကဲ့သို့ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသည့် ကိစ္စ အရပ်ရပ်သည်လည်း နိုင်ငံတစ်ခုချင်းစီကို ထိရောက်မှုရှိပါကြောင်း။

မိမိတို့ ကင်းထောက်မောင်မယ်များသည် အနာဂတ်ကို ရှေးရှုပြီး သွားကြစေ လိုပါကြောင်း၊ မိမိတို့ ငယ်စဉ်ကတည်းက စည်းစည်းလုံးလုံးနေထိုင်ခဲ့သည့် စိတ်ဓါတ် များသည် ယခုထိတိုင်ရှင်သန်နေဆဲဖြစ်ပါကြောင်း၊ ကင်းထောက်များသည် မိမိတို့ ကျင့်ဝတ်များကို လိုက်နာကြရပြီး ဆောင်ပုဒ်မှာ အမြဲပဲ အဆင်သင့်ရှိရမည်   ဖြစ်ပါ ကြောင်း၊ အမြဲအဆင်သင့်ရှိရမည် ဆိုသည်မှာ ဘဝတွင် ဘယ်လိုစိန်ခေါ်မှုများပင် ရှိစေကာမှု အဆင်သင့်ရှိနိုင်ရန်၊ ရင်ဆိုင်ရန် ပင်ဖြစ်ပါကြောင်း၊ ဘဝတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် နည်းလမး်အမျိုးမျိုးရှိရာ နည်းမှန်၊ လမ်းမှန်ကိုရွေးနိုင်ရန် အဓိကကျပါ ကြောင်း။

မှန်ကန်သည့်နည်းဖြင့် ရင်ဆိုင်နိုင်ပါက မိမိ်တို့အကျိုးအတွက်သာမက မိမိတို့ ပတ်ဝန်းကျင် အကျိုးအတွက်လည်း ဖြစ်ပါကြောင်း၊ အစု အဖွဲ့ဖြင့် ဆောင်ရွက်ခြင်းသည် တစ်နည်းအားဖြင့် အတ္တစိတ်ကို တော်လှန်ခြင်းပင်ဖြစ်ပါကြောင်း၊ လူသားဖြစ်လာပါက အတ္တနှင့် မကင်းနိုင်ပါကြောင်း၊ သို့သော် အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ရန် လိုပါကြောင်း၊ အတ္တသည် မိမိ်တစ်ယောက်တည်းအတွက် တွေးခြင်းဖြစ်ပြီး မေတ္တာသည် အများ အတွက် တွေးခြင်းဖြစ်ပြီး ကိုယ်လုပ်သည့် ကောင်းကျိုးကို မျှဝေလိုသည့်စိတ်ပင် ဖြစ်ပါကြောင်း။

မိမိတို့ ကင်းထောက်လူငယ်များသည် ကင်းထောက်လုပ်ငန်းများအတူ လုပ်ဆောင်ရင်း မေတ္တာပွားနိုင်ခြင်းသည် အတ္တစိတ်ကို မေတ္တာဖြင့် လွှမး်ခြုံနိုင် သည့် သဘောပင် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေ သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အားလုံး ဝိုင်းဝန်း လုပ်ဆောင်မှ ငြိမ်းချမ်းရေး ရနိုင်မည်ဖြစ်ပြီး မိမိတို့ နိုင်ငံ ငြိမ်းချမ်းမှ မိမိတို့ဒေသ ငြိမ်းချမ်းမည်၊ မိမိတို့ဒေသ ငြိမ်းချမ်းမှ ကမ္ဘာကြီး ငြိမ်းချမ်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ကင်းထောက်လူငယ်များ၏ သီချင်းတွင် ကောင်းသည့် စိတ်နေစိတ်ထားများ မွေးမြူရန် တိုက်တွန်းထားသည်ကိုတွေ့ရပါကြောင်း၊ ထိုသီချင်း၏ အဓိပ္ပါယ်သည် လေးနက် ပါကြောင်း၊ ကင်းထောက်မောင်မယ်များသည် ထိုသီချင်းမှ သင်ခန်းစာများစွာ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အနှစ်တစ်ရာ တည်တံ့ခိုင်မြဲခဲ့သည်မှာ ထိုစိတ်ဓါတ်များ ကြောင့်ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ငယ်စဉ်က ကင်းထောက်များသည် အတူယှဉ်တွဲကာ တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ် နှစ်စဉ် တောစခန်းထွက်လေ့ရှိပါကြောင်း၊ တောစခန်း ထွက်ခြင်းသည် လူငယ်များအတွက် ပျော်ရွှင်ဖွယ်ဖြစ်သကဲ့သို့ သင်ယူနိုင်သည့် အခွင့်အရေးလည်း များစွာရရှိပါကြောင်း ။

မိမိတို့ လူငယ်ကင်းထောက်များသည် စာမေးပွဲများကို တစ်ဆင့်ချင်း ဖြေဆို သွားကြ ရပါကြောင်း၊  မိမိတို့ ငယ်စဉ်က သမ္မတ ကင်းထောက်များ ဆိုသည့်အဖွဲ့ကို ဖွဲ့ခဲ့ပါကြောင်း၊ မိမိသည် ပထမဆုံးစာမေးပွဲဖြေဆိုအောင်မြင်သည့်လေးယောက်တွင် ပါဝင်ခဲ့ပါကြောင်း၊ အသက် တစ်ဆယ့်ငါးနှစ်တွင် အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့သည့်အတွက် ကင်းထောက်လှုပ်ရှားမှုများတွင် ဆက်လက်မပါဝင်တော့သော်လည်း ကမ္ဘာတစ်ဝန်းမှ ကင်းထောက်များနှင့် အဆက်အသွယ်ပြတ်သွားသည်တော့ မဟုတ်ပါကြောင်း၊ ထိုသို့ မပြတ်သွားခြင်းသည်  အခြေခံအားဖြင့် ရဲဘော်၊ ရဲဘက်စိတ်ကိုခိုင်ခံ့အောင် ထူထောင် ခဲ့သည့်အတွက် ဖြစ်ပါကြောင်း။

ကင်းထောက်လှုပ်ရှားမှုဆိုသည်မှာ လူငယ်များ၏ လှုပ်ရှားမှု ဖြစ်ပါကြောင်း၊ အရေး အကြီးဆုံး တစ်ခုက အတ္တစိတ်ကို ကျော်လွှားမှုပင်ဖြစ်ပါကြောင်း၊ အချင်းချင်းကြား မေတ္တာပွားရင်း ရဲဘော်ရဲဘက်စိတ်ကို ခိုင်ခံ့အောင် ထူထောင်ခြင်းဖြစ်ကြောင်း၊ ရဲဘော် ရဲဘက်စိတ်သည် သွေးသားရင်းကဲ့သို့ နီးကပ်စေပြီး အေးအတူပူအမျှ ဝိုင်းဝန်းမျှဝေ ခြင်းပင်ဖြစ်ပါကြောင်း၊ ရဲဘော်ရဲဘက်စိတ်နှင့် သွေးသားရင်းပေါ် နီးစပ်သည့်စိတ်သည် အတ္တနည်းသည့် အပေါ်တွင် ကွားခြားပါကြောင်း၊ ငါတစ်ဦးတည်းဆိုသည် အတ္တမှ  ငါတို့ အတူတူဆိုသည့် မှန်ကန်သည့်၊  ရဲဘော်ရဲဘက်ဆိုသည့် အဖွဲ့အစည်းစိတ်ဓါတ် ပါဝင်ပါကြောင်း၊ ကင်းထောက်မောင်မယ်များကအဖွဲ့အစည်းနှင့် လေ့ကျင့်နိုင်သည့် အခွင့်အရေးကို ရယူပြီး မိမိတို့ တစ်သက်တာအတွက် မိမိ ပတ်ဝန်းကျင်၊ မိမိနိုင်ငံ အတွက် ၊ မှန်ကန်သည့် ရဲဖော်ရဲဖက်စိတ်ကို မွေးမြူကြပါရန် တိုက်တွန်းလိုပါကြောင်း။

ယခုကဲ့သို့ ရဲဘော်ရဲဘက်စိတ်များကြောင့် အခက်အခဲမျိုးစုံကို ကျော်လွှားနိုင်ခဲ့သည့် အတွေ့အကြုံများရှိခြင်းကြောင့် တိုက်တွန်းလိုခြင်းဖြစ်ပါကြောင်း၊ တကယ့် ကောင်းမွန်သည့် ရဲဘော်ရဲဘက်များ မိတ်ဆွေများရှိပါက ဘဝကို မည်သည့်အခက်အခဲ ပင် ရှိရှိကျော်လွှားနိုင်သည်ကို အလေးထားစေ လိုပါကြောင်း၊ ထို့ကြောင့် ကင်းထောက် လူငယ်များသည်လည်း ခေါင်းဆောင်နှင့် နောက်လိုက်မခွဲခြားဘဲ ပူးတွဲပေါင်းစည်း လုပ်ဆောင်သွားကြရန် စိတ်ဓါတ်ကို အားပေးလိုပါကြောင်း၊ ထိုသို့ စိ်တ်ဓါတ်ဖြင့် သွားကြစေလိုပါကြောင်း။

မိမိတို့ လူ့အသိုက်အဝန်းသည် စုစည်းမှု လိုအပ်ပါကြောင်း၊ မိမိတို့ ပညာရေး စနစ်ကိုလည်း စုစည်းမှုကို အားပေးသည့် စနစ်ဖြစ်ရန် ကြိုးစားနေပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်ရန်မဟုတ်ဘဲ ပံ့ပိုးပေးရန်သာဖြစ်ပါကြောင်း၊ ကောင်းမွန်သည့်ပြိုင်ဆိုင်မှုသည် လူတိုင်း လူတစ်ဦးချင်းစီ၏ အရည်အချင်းကို တိုးတက် အောင်အားပေးသည့် ပြိုင်ဆိုင်မှုမျိုးဖြစ်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းထောက်လူငယ်မောင်မယ်များသည် စုစည်းပြီး ပျော်ပျော်ရွှင်ရွှင်၊ မိတ်ဖြစ်ဆွေဖြစ် တောစခန်းထွက်၊ အတူတေးသီချင်းသီဆို၊ အတူလမ်းလျောက်ခြင်းများသည် ပျော်စရာ များပင်ဖြစ်ပါကြောင်း၊ အပြိုင်အဆိုင်အနေဖြင့် မိမိတို့ အရည်အသွေးများကို ဖော်ထုတ်ရန် အခွင့်အရေးများလည်းရပါကြောင်း။

စုပေါင်းဖွဲ့စည်းဆောင်ရွက်ခြင်းသည် အောင်မြင်မှုအတွက် အကြီးဆုံး အင်အားပင် ဖြစ်ပါကြောင်း၊ ယုံကြည်မှုကိုလည်း ခိုင်မာအောင် လေ့ကျင့် လိုစေလိုပါကြောင်း၊ သူများကို အောင်နိုင်ခြင်းထက် မိမိတို့ အားနည်းချက်များကိုအောင်နိုင်ရန် စိတ်ဓါတ်များ ကို မွေးမြူကြစေလိုကြောင်း၊ ကင်းထောက်မောင်မယ်များ အားလုံးသည် ယနေ့ ရာပြည့် အခမ်းအနားမှစ၍ တစ်နေ့ထက်တစ်နေ့ အားသစ်များမွေးမြူကာ တစ်နှစ်ထက်တစ်နှစ် မှန်ကန်သည့် စိတ်ထားများဖြင့်  မိမိတို့ နိုင်ငံသာမက တစ်ကမ္ဘာလုံးကို အကျိုးပြုနိုင်ကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် က ပြောကြားသည်။

မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာ တင်ညို က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ တိုးတက်မှုများကို ရှင်းလင်း တင်ပြပြီး  အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာတင်လှကြည်က ကင်းထောက် သမိုင်း ကြောင်းကို ရှင်းလင်းတင်ပြသည်။

ကင်းထောက်လူငယ်မောင်မယ်များက ကတိသစ္စာပြုကြပြီး လသာမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်းအမှတ် (၁) နှင့် (၂) တို့မှ ကင်းထောက် မောင်မယ် များက The World Song တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် Asia Pacific Scout Committee မှ အဖွဲ့ဝင် Dr.Pattaroj Kamonrojsiri နှင့် Asia Pacific Regional Committee ဒုတိယဥက္ကဋ္ဌ Ms.Thanya Krichtitayawuth တို့က ဂုဏ်ပြုအမှာစကားပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား နိုင်ငံတကာကင်းထောက် အဖွဲ့ချုပ် အသီးသီးမှ ကိုယ်စားလှယ်များက အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ကြသည်။

ရန်ကုန်တက္ကသိုလ် ကင်းထောက်လူငယ်မောင်မယ်များက ငြိမ်းချမ်းရေး သံတမန်များ တေးသီချင်းဖြင့် သီဆိုသရုပ်ဖော်ကာ မြန်မာကင်းထောက် ရာပြည့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ ကင်းထောက်ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာကင်းထောက်အဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ မြန်မာနိုင်ငံဝိဇ္ဇာ နှင့် သိပ္ပံပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဌများ၊ မြန်မာနိုင်ငံ ကင်းထောက်ကြီး သူရဦးတင်ဦး အမှူးပြုသည့် ကင်းထောက်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသား ကင်းထောက်အဖွဲ့နှင့်  မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အဖွဲတို့မှ အဖွဲ့ဝင် များ၊ ကင်းထောက်အကျိုးဆောင်အဖွဲ့ဝင်များ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကင်းထောက်ဆရာများနှင့် ကင်းထောက်များ၊ ဆုရ ကင်းထောက်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ မြန်မာနိုင်ငံ ရေကြောင်းလူငယ်အဖွဲ့နှင့်  မြန်မာနိုင်ငံ လေကြောင်း လူငယ်အဖွဲတို့မှ  အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  သည် မြန်မာနိုင်ငံ ကင်းထောက် ကော်မတီ၊ နိုင်ငံတကာ ကင်းထောက် အဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ငယ်စဉ်ကင်းထောက်ဘဝက ငယ်ပေါင်းကြီးဖော် ကင်းထောက်များ၊ မျိုးဆက်သစ် ကင်းထောက် လူငယ်မောင်မယ်များ၊ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ်၌ ရပ်ဆိုင်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင်  မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကိ်ု ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၀၁၆ခုနှစ် သြဂုတ်  ၁၁ ရက်တွင် ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံ ၁၆၃ နိုင်ငံက မြန်မာနိုင်ငံကင်းထောက်အဖွဲ့အား ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် ၁၆၄ မြောက်နိုင်ငံအဖြစ်   ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ ကြောင်း သိရှိရသည်။