Submitted by cwmsco1 on Wed, 12/28/2016 - 16:04

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊  ဒီဇင်ဘာလ  ၂၈ ရက်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB)အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြားသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကအဖွင့်နှုတ်ခွန်းဆက်ပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အထူးအရေးကြီးပါကြောင်း၊ နိုင်ငံတကာကထောက်ပံ့ သည်ဖြစ်စေ၊ ပြည်တွင်းအလှူရှင်များကထည့်ဝင် လှူဒါန်းသည် ဖြစ်စေ နိုင်ငံသူနိုင်ငံသားများကို လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေကို နိုင်ငံတော်အစိုးရတစ်ခုတည်းက ပိုင်ဆိုင်ခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန NRPC က ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံးကပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း၊  အလှူရှင်များက လှူဒါန်း လိုက်ပြီးသည့် နောက်တွင် ပြည်သူပိုင် ဖြစ်သွားပြီ ဖြစ်ကြောင်း၊ ထိုရန်ပုံငွေများကို စိစစ်ရာတွင်လည်း မည်သည့်အတွက်ကြောင့် သုံးစွဲရသည်၊ မည်သည့် နေရာများတွင် သုံးစွဲရသည်ကို ယခု ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကသဘောတူညီရန် လိုအပ် သလိုပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေ လုံလောက်မှု မရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်သလိုမလိုအပ်ဘဲအပိုကုန်ကျမှုများမရှိရန်လည်းလိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူချမှတ်ထားသော ဦးစားပေး ကဏ္ဍကြီးများနှင့် ညီညွတ်မှုရှိရမည် ဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ဖွဲ့ချင်း၏ ရန်ပုံငွေကိစ္စမှာ ယင်းတို့ အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်ပြီးမိမိတို့ JCB အဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ် ပတ်သက်သည့် ရန်ပုံငွေကိစ္စရပ်များကိုသာဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြား သည်။

 

၎င်းနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ဆက်လက် ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုး ထားပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ အစီအစဉ်များ၊ အတည်ပြုထားပြီး ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JCB ၏ တာဝန်နှင့် ဝတ္တရားများကို အခြေခံ၍ လုပ်ငန်းအဖွဲ့များ၊ ရုံးအဖွဲ့များဖွဲ့စည်းထားရှိဆောင်ရွက်ရေး၊ JCB ၏ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲအတည်ပြုရေး၊ လတ်တလော လိုအပ်ချက်များကို အလေးပေး ခွင့်ပြုနိုင်ရေး စသည်တို့ကိုဆွေးနွေးခဲ့ကြသည်။

 

ယနေ့ ကျင်းပသော JCB အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ဒေါ်ရှီလာနန်တောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ NCA လက်မှတ် ရေးထိုးထားပြီး ဖြစ်သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စားပဒိုစောကွယ်ထူးဝင်း (KNU အထွေထွေအတွင်းရေးမှူး)၊ ဦးစိုင်းလျန်း (RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေ အတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF)နှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ  ဦးစံလော (“ဝ” အထူးဒေသ(၂)၊ ပြည်ပ ဆက်ဆံရေး ဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ(၄)မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ) တို့ တက်ရောက်ခဲ့ကြသည်။