ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ပြည်သူသို့ကျေးဇူးတင်လွှာ

၁၃၇၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း   ၁၂    ရက်

(၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ     ၁၁     ရက်)

 

၁။      နိုင်ငံတော်တည်ဆောက်ရေးအတွက် နိုင်ငံသားများ၏ ပညာ၊ ဝီရိယနှင့် သတ္တိတို့သည် အရေးကြီးလှသော လူမှုအရင်းအနှီးများ ဖြစ်ကြပါသည်။ ထို့အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခရီးကို လျှောက်လှမ်းကြရာတွင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ စာရိတ္တမဏ္ဍိုင် ခိုင်မာစေရန်လည်း အရေးကြီးလှပါသည်။  ထိုသို့ ခိုင်မာစေရန်အတွက် နိုင်ငံသူ၊ နိုင်ငံသားတို့ စံနမူနာပြုအပ်သော နိုင်ငံသားများ ထွက်ပေါ်လာရေး၊ ချီးကျူး လေးစားဖွယ်ရာ ကောင်းသော လုပ်ဆောင်ချက်များ ပေါ်ထွန်းလာရေးသည် မြန်မာ့လူ့အဖွဲ့အစည်း၏ အပြောင်းအလဲအတွက် အထူးပင် အရေးပါ လှပါသည်။   

 

၂။      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေမန်းသူအဝေးပြေး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဦးမျိုးသန့် (ယာဉ်မောင်း) နှင့် ဦးမောင်မောင် (ယာဉ်အကူ) တို့သည် ၎င်းတို့ မောင်းနှင်သည့် ခရီးသည်ပို့ဆောင်ရေးယာဉ် အမှတ် 1L/4506 ဖြင့် ဦးအောင်ကိုကို (ပရဟိတ) အဖွဲ့ အား ၁၃ - ၉ - ၂၀၁၆ ရက်နေ့မှ ၁၆ - ၉ -၂၀၁၆ ရက်နေ့အထိ ရန်ကုန်မြို့တွင်း ခရီးစဉ်များကို လိုက်ပါ ပို့ဆောင်ခဲ့ပါသည်။ ၁၅ - ၉ - ၂၀၁၆ ရက်နေ့ (၀၉၄၀) နာရီချိန်ခန့်တွင်  ခရီးသည်များ ဆင်းသွားပြီးနောက် ၎င်းတို့နှစ်ဦးမှ ယာဉ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ပါရှိသော ပိုက်ဆံအိတ်တစ်လုံးအား တွေ့ရှိခဲ့ပါသည်။ ထိုသို့ တွေ့ရှိသည့်အခြေအနေကို ယာဉ်ငှားရမ်း အသုံးပြုခဲ့သည့် ပရဟိတအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူထံ ချက်ချင်းအကြောင်းကြား၍ ပိုင်ရှင် ဖြစ်သူ ကိုရီးယားနိုင်ငံသား မစ္စတာ ဘတ်ချူးချူးထံသို့ ပြန်လည် ပေးအပ်ခဲ့ပါသည်။

 

၃။      ယာဉ်မောင်း ဦးမျိုးသန့်နှင့် ယာဉ်အကူ ဦးမောင်မောင်တို့သည် မြန်မာကျပ်ငွေ သိန်းတစ်ထောင် နီးပါးနှင့် ညီမျှသော အမေရိကန်ဒေါ်လာ ရှစ်သောင်းကို တွေ့ရှိရာတွင် လိုချင်တပ်မက်မှု အလျဉ်းမရှိဘဲ ကျင့်ဝတ်၊ သီလ၊ စာရိတ္တ ခိုင်မာစွာဖြင့်  ပိုင်ရှင်ဖြစ်သူထံ ချက်ချင်း ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

၄။      သို့ဖြစ်၍ ယခုနှစ် အောက်တိုဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွှေမန်းသူ အဝေးပြေး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ ဦးမျိုးသန့်(ယာဉ်မောင်း) နှင့် ဦးမောင်မောင် (ယာဉ်အကူ) တို့အား ရွေးချယ်၍ ဤကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်ပါသည်။

 

၅။      နိုင်ငံသူ နိုင်ငံသားအနေဖြင့်လည်း ဦးမျိုးသန့်(ယာဉ်မောင်း) နှင့် ဦးမောင်မောင်(ယာဉ်အကူ)တို့ ကဲ့သို့ပင် စာရိတ္တမဏ္ဍိုင်ကို ထိန်းသိမ်းလျက်  ဖြူစင်ရိုးသားစွာဖြင့် ပိုမို ကောင်းမွန်သည့် အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးတွင်  နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

 

                                                                                                                  

                  အောင်ဆန်းစုကြည်                             

         နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်