နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ပဒိုစောကွယ်ထူးဝင်း၊ ဦးသုဝေနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဒုတိယနေ့အစည်းအဝေးတွင် UPDJC ၏ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေးအတည်ပြုခြင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေးအတည်ပြုခြင်း၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေးအတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက UPDJC အဖွဲ့ဝင်များအနေဖြင့်မိမိတို့ကော်မတီ၏ ရည်ရွယ်ချက် များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ရည်ရွယ်ချက်ချင်း တူညီလျှင် ညီညွတ်မှုရရန်၊ ဆုံးဖြတ်ချက်များချရန် လွယ်ကူသော်လည်း ရည်ရွယ်ချက်ချင်း မတူညီပါက ညီညွတ်မှုရရန်၊ ဆုံးဖြတ်ချက်များချရန် အခက်အခဲများရှိမည်ဖြစ်သောကြောင့် ညှိနှိုင်းဆွေးနွေး၍ အဖြေရှာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက နိုင်ငံ၏အနာဂတ် အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များက အနာဂတ်၏ ငြိမ်းချမ်းရေးနှင့် အနာဂတ်၏ ကောင်းစားရေး အတွက် အားလုံးစုစည်းပြီး ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ရန် ဆောင်ရွက်ကြ ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်ချမှတ်သည့် နေရာတွင် လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင် သည့်အခြေအနေကို ဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ လက်တွေ့မကျသည့် ဆုံးဖြတ်မှု၊ ဆောင်ရွက်မှုများ ကို လုပ်ဆောင်သည့် အခါမိမိတို့ လိုချင်သည့်၊ မိမိတို့မျှော်မှန်းသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်မည်မဟုတ်ပါကြောင်း။

 

လက်တွေ့အကောင်အထည်ဖော်သည့်နေရာတွင် အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ကောင်းစားရေးအတွက် UPDJC၏ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရန် UPDJC အဖွဲ့ဝင်တစ်ဦးချင်းစီတွင် လည်းကောင်း၊ တစ်ဖွဲ့ချင်းစီတွင် လည်းကောင်း တာဝန်ရှိသည့်အတွက် အတူတကွ ပူးပေါင်းပြီးအေးချမ်းသည့်နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ဆုံးဖြတ်ချက် ကိုးချက်နှင့် မှတ်တမ်း ရှစ်ချက်ကို အောင်မြင်စွာ ရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်တွင် မဖြစ်မနေသွားရမည့်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ဆုံးဖြတ်ချက် အတော်များများချနိုင်ခဲ့ပါကြောင်း၊ လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ လုပ်ဆောင်ရန်ကိစ္စများစွာကို ယခုအစည်းအဝေးက ချမှတ်နိုင်ခဲ့သည့်ဆုံးဖြတ်ချက်များနှင့် မှတ်တမ်းများက အထောက်အကူများစွာ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

UPDJC အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုအဆင့်ဆင့်ပုံစံ (Structure)၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် များ၊ လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ ဒေသအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အကြောင်းအရာအလိုက် ဆွေးနွေးသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ လုပ်ငန်းလမ်းညွှန်၊ UPDJC လုပ်ငန်းလမ်းညွှန်၊ UPDJC အတွင်းရေးမှူး အဖွဲ့လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံ၊ ပထမအကြိမ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် ခေါင်းစဉ်ခွဲ များကို ဆွေးနွေးခဲ့ကြသည်။

 

ယခု အစည်းအဝေးအပြီးတွင် ဆုံးဖြတ်ချက် ကိုးချက်နှင့် မှတ်တမ်းတင်မှု ရှစ်ချက်ရရှိခဲ့ကြောင်းနှင့် “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” များကိုအဆင်သင့်ဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စတင်ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။