၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ထိုင်းနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ ခရီးစဉ် အတွင်းထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ထိုင်းနိုင် ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ရှိဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည်တိုင်းတာရေး ကိစ္စများ အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

၂။ ထို့ပြင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ထိုင်းဘုရင့်နိုင်ငံအစိုးရတို့အကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ၊ အလုပ်သမားများအလုပ်ခန့်ထားရေး ဆိုင်ရာ သဘောတူညီချက် စာချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ထိုင်းဘုရင့်နိုင်ငံအစိုးရတို့၏ နှစ်နိုင်ငံအကြားနယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာသဘောတူစာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

၃။ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးကိစ္စအား ယခင်အစိုးရအဆက်ဆက် လက်ထက်ကပြန်လည်စတင်နိုင်ခဲ့ခြင်းမရှိဘဲ အစဉ် တစိုက် ရွှေ့ဆိုင်း ထားခဲ့ရာမှ ယခုခရီးစဉ် အတွင်း နောင်မျိုးဆက်သစ်များအ တွက် ကောင်းမွန် သည့် အနာဂတ်ကိုထားရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံအကြားနယ်နိမိတ် တိုင်းတာရေးလုပ်ငန်းများကိုပြန်လည်စတင်သွားကြရန် နှစ်ဖက်ဆွေးနွေး သဘောတူညီမှုရရှိခဲ့ပါသည်။ ထို့ကြောင့်မြန်မာအစိုးရအနေဖြင့် နယ်နိမိတ် တိုင်းတာရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်ရန် ပူးတွဲ နယ်နိမိတ်
ကော်မတီ အစည်းအဝေး (Joint Boundary Committee- JBC) ကို မြန်မာနိုင်ငံတွင် ခေါ်ယူကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ အလုပ်သမားရေးရာသဘောတူညီချက်များအရ ဗီဇာသက်တမ်း၂ နှစ် မကျန်တော့ သည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသော မြန် မာရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေး ထားသောယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(TR-38/Pink Card) ကိုင်ဆောင် ထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံလက်မှတ်(C of I) များကို ထုတ်ပေးသွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များဆောင် ရွက်ပြီးစီးချိန်တွင် သာမန်နိုင်ငံကူး လက်မှတ်သို့ ပြောင်းလဲ ထုတ်ပေးသွား မည်ဖြစ်ရာ ရွှေ့ပြောင်းအလုပ် သမားများ၏ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက်အကျိုး ခံစားခွင့်များပိုမိုရရှိလာမည်ဖြစ်ပါ သည်။ ရွှေ့ပြောင်း အလုပ်သမားများအရေး နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံသက်ဆိုင်ရာအာဏာပိုင်များ အကြား ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ခြင်းဖြင့် အလုပ်သမားများအား မလိုလားအပ်သောနစ်နာ ဆုံးရှုံးမှုများမှ ကာကွယ်တားဆီးပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

၅။ ထို့ပြင် အလုပ်သမားများခန့်ထားခြင်းဆိုင်ရာ သဘောတူ စာချုပ် အရ ရွှေ့ပြောင်း အလုပ်သမားများအား ဥပဒေအရ အကာအကွယ်နှင့် အကျိုးခံ စားခွင့်များ ပြည့်ဝစွာရရှိခံစားနိုင်စေမည်ဖြစ်ပြီး အလုပ်သမားများအား လုပ်ငန်းခွင်သို့ စေလွှတ်ခြင်းမပြုမီ အသိပညာပေးမှုများ၊ အကြိုလုပ်ငန်းခွင် သင်တန်း ပေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်ခန့် ထားခြင်းအတွက် လက်ခံသည့်နိုင်ငံ၏ နယ်မြေအတွင်းဝင်ရောက်လာသည့် အလုပ်သမားများသည် ယင်းနိုင်ငံသားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိစေမည်ဖြစ်ပြီး အလုပ်သမားများစေလွှတ်ခြင်းနှင့် လက်ခံခြင်းများကို စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

အလုပ်သမားများနေထိုင်ခွင့်ဗီဇာ၊ အလုပ်အကိုင်ခွင့်ပြုချက်များ အချိန်မီရရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များရရှိစေရေး၊ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများဖြစ်ပွားပါက ထိရောက်စွာဖြေ ရှင်းပေးနိုင်ရေး၊ နေရပ်ပြန်လည်ပို့ဆောင်သည့် အလုပ်သမားများ ကို နှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းပေးနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများ လူကုန်ကူးခံ ရခြင်း၊ နှိပ်စက်ခံရခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်းများမှ ကာကွယ်တား ဆီးနိုင်စေရေးနှင့် တရားဝင်အလုပ် သမားများဖြစ်စေရေးအတွက် အထောက်အထားစာရွက်စာတမ်းများ ရရှိစေရန် လည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။

၆။ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာသဘောတူ စာချုပ်အရ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း- ရနောင်းတို့အပြင် ထီခီး-ဖူနာရွန်နယ်စပ် ဂိတ်ကို တရားဝင်တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနယ်စပ်ဂိတ်များမှ နေ့စဉ် (သို့မဟုတ်) ရာသီအလိုက် အလုပ်သမားများ သွားရောက်အလုပ်လုပ်ကိုင် နိုင်ကြမည့်အပြင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကိုင်ဆောင်သူများသည် နယ်စပ်ဒေသအတွင်း တစ်ကြိမ်လျှင် ရက် ၃ဝ အထိ နေထိုင်ခွင့်ရရှိကြမည်ဖြစ် ပါသည်။

၇။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအား မွေးစာရင်းများ ထုတ်ပေးနိုင်ရေး၊ သားသမီးများ၏ အတန်းပညာရေး ထိခိုက်နစ်နာမှုမ ရှိစေရန် ပြည်ပစာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့်ရရှိရေး၊ ထိုင်းနိုင်ငံ အကျဉ်းထောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေကြ ရသည့် မြန်မာနိုင်ငံသားများအား ဥပဒေဘောင်အတွင်းမှ လိုအပ်သည့် ကူညီစောင့် ရှောက်မှုများ ပေးအပ်သွားရေးအတွက် မြန်မာနိုင်ငံသံရုံးအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသားများအကျိုး ဆောင်ရွက်လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက် သွားစေမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စ ရပ်များ ပိုမိုအလေးပေးဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသံရုံး၏စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်းအင်အားတိုးချဲ့ တာဝန်ပေးအပ်ရေး တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၈။ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား မူရင်းနေရပ်သို့ ခေါ်ဆောင်ရေးအတွက် နှစ်နိုင်ငံအစိုးရ များအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ၎င်းတို့၏မူရင်းနေရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးဝန်ဆောင်မှု အခြေအနေကောင်းများကို စီစဉ်ဆောင်ရွက်ပေးနိုင်သည့် အချိန်မှ သာ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းများကို စတင်သွားရန် သဘောတူညီခဲ့ကြပါသည်။

လတ်တလောအခြေအနေတွင် နေရပ်သို့ပြန်လာလိုကြောင်း ဆန္ဒ ပြုထားကြသူ ၁၉၆ ဦးအား မူရင်းနေရပ်သို့ပြန်လည်ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံအစိုးရမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အားစေလွှတ်၍ နိုင်ငံသားစိစစ်ရေး လုပ်ငန်း စဉ်များ ဆောလျင်စွာဆောင်ရွက်ပြီး ၎င်းတို့၏ မူရင်းနေရပ်များသို့ ပြန်လည် ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ကျန်ရှိနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စိစစ်၍ နေရပ်သို့ပြန်ခေါ်နိုင်ရေးအတွက် နိုင်ငံတော်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကာလတို၊ ကာလရှည်အစီအမံများချမှတ်ကာ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊

ရက်စွဲ၊ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် ။