Submitted by cwmsco2 on Tue, 07/11/2017 - 12:03

မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ကြေညာသည့် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၁၀

မြန်မာနိုင်ငံနိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ထုတ်ပြန် ကြေညာသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံရုံးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်သည် လာမည့် နှစ်များအတွင်း မိမိနိုင်ငံ အတွက် အကျိုးရှိစေမည့် အထူး လိုအပ်လျက်ရှိနေသည့် ဆန်းသစ်တီထွင်ထားသည့်၊ ကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နိုင်ရန် အတွက် တန်ဖိုးရှိသ ည့် မူဘောင် တစ်ခုဖြစ်ပါကြောင်း၊ ကျင့်ဝတ်သိက္ခာ ကောင်းမွန်ခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်း ဆိုသည့် "မူ"များအပေါ် အခြေခံပြီး လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်ချက် ခိုင်မာမှုရှိသည့် ဝန်ထမ်း အဖွဲ့အစည်း သည် ကောင်းမွန်သော ဒီမိုကရေစီ အုပ်ချုပ်ရေး၏ ကျောရိုးမဏ္ဍိုင်ပင်ဖြစ်ပါကြောင်း။
အရွေးချယ်ခံ အစိုးရအဖွဲ့ဝင်များသည် ပြည်သူ့ဆန္ဒနှင့်အညီ တက်လာလိုက်၊ ဆင်းသွားလိုက်ဖြင့် ပြောင်းလဲနေ မည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးယန္တရား အဆက်ပြတ်မသွားရေး၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် မှတ်တမ်းမှတ်ရာများ မေ့ပျောက်မသွားရေး၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစသည့် နိုင်ငံတော်ယန္တရားကြီးကို ဟန်ချက်ညီညီ တည်တည် ငြိမ်ငြိမ်လည်ပတ်စေသ ည့် ကိစ္စအရပ်ရပ်ကို ထိန်သိမ်းဆောင်ရွက်ရသည်မှာ ပြည်သူ့ဝန်ထမ်းများ ဖြစ်ပါကြောင်း။


ဒီမိုကရေစီစနစ်သည် ပြည်သူ့ဝန်ထမ်းများကို တာဝန်အသစ်နှင့် ဝတ္တရားအသစ်များ အပ်နှင်း ပေးပါကြောင်း၊ ဒီမိုကရက် တစ် အစိုးရများ၏လက်အောက်တွင် ပြည်သူ့ဝန်ထမ်းများသည် ကိုယ်တိုင်ကြံဆ ဖော်ဆောင်နိုင်သည့် အရည်အချင်း ရှိကြရမည်ဖြစ်ပါ ကြောင်း၊ သုံးသပ်ရွေးချယ်နိုင်ရန် မူဝါဒများ ဖော်ထုတ်တင်ပြခြင်း၊ ခက်ခဲသ ည့် ပြဿနာ ရပ်များနှင့် ပတ်သက်၍ ဖြေရှင်းနည်းအဆိုပြုချက်များတင်ပြပေးခြင်းတို့ကို လုပ်ဆောင်နိုင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ ဝန်ထမ်း များသည် လုပ်ငန်းတစ်ရပ်ဆောင်ရွက်ရာတွင် မိမိတို့အထက်အရာရှိ၊ ဝန်ကြီးများသိရမည့် အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား၊ ဘက်လိုက်မှု ကင်းကင်းနှင့် သတ္တိရှိရှိတင်ပြနိုင်ရမည် ဖြစ်ပါကြောင်း၊ တင်ပြရန် တာဝန်လည်း ရှိကြပါကြောင်း၊ ပြည်သူ့ဝန်ထမ်းများ အနေဖြင့် မလိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းစဉ်များကို ဖယ်ရှားပေးနိုင်ရန် ဌာနတစ်ခုနှင့်တစ်ခုအကြား၊ ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခုအကြား ပူးပေါင်းလုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေသည့် အတွေးအခေါ်၊ အစဉ်အလာများကို ပယ်ဖျက်ပေးရန်၊ အစိုးရ အဖွဲ့ကြီးတစ်ခုလုံး ထိရောက်ကောင်းမွန်လာစေမည့် တီထွင်ကြံဆမှုနှင့် အတွေးအခေါ်သစ်များ ထုတ်ဖော်ပေးရန်တို့ကို ဒီမိုကရေစီစနစ်က အားပေးပါကြောင်း။


ဒီမိုကရေစီစနစ်တွင် "မလုပ်၊ မရှုပ်၊ မပြုတ်" အတွေးအခေါ်အတွက် နေရာမရှိနိုင် ပါကြောင်း၊ ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရအပေါ်တွင် တာဝန်ခံရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ လုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမာသမတ်ရှိရှိ၊ လုပ်ငန်းတာဝန်သိသိ၊ အသိဉာဏ်ပါပါ၊ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံက နိုင်ငံ့ဝန်ထမ်းများသည် ယင်းမျှော်လင့်ချက်များကို ပြည့်ဝလာအောင် အကောင်အထည် ဖော်ပေးနိုင်ရုံသာမက ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး ဝန်ထမ်းကောင်းများ ဖြစ်လာနိုင်သည့် အလားအလာရှိကြသည်ဟု ယုံကြည် ပါကြောင်း။


ထို့ကြောင့် ယခုကဲ့သို့အခွင့်အခါ ကြုံကြိုက်စဉ်တွင် အသိအမှတ်ပြုခံလိုခြင်းအတွက်၊ ကိုယ်ရေး ကိုယ်တာ အကျိုးအမြတ်အတွက်၊ ဂုဏ်ကျော်ကြားမှုအတွက် မဟုတ်ဘဲ၊ ပြည်သူကို အကျိုးပြုဖို့ သက်သက်၊ မကြာခဏ ပေါ်ပေါက်တက်သည့် အခက်အခဲ စိန်ခေါ်မှုအမျိုးမျိုးအကြားတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများ အားလုံးကို ဂုဏ်ပြုလိုက်ပါ ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ကိုင်နေကြသည့် လုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူကြပါ၊ ပြည်သူအများ မျှော်လင့်တောင့်တနေသည့် တည်ငြိမ်လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကို ဖော်ဆောင်ပေးရာတွင် နေ့စဉ်နေ့တိုင်း ပါဝင်ဆောင်ရွက်ခွင့်ရရှိစေသည့် မိမိတို့၏အခန်းကဏ္ဍကို ဂုဏ်ယူကြပါဟု ပြောကြားလိုပါကြောင်း။


မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း မိမိတို့၏ ဝန်ထမ်းများကို ဂရုတစိုက် စောင့်ရှောက် ပေးရမည့် တာဝန်များရှိသည်ကို သိရှိနားလည်းထားပါကြောင်း၊ မိမိတို့ ဝန်ထမ်းများ သင့်လျော်မျှတသည့် လုပ်ခလစာရရှိရေး၊ ကောင်းမွန်သည့် အထွေထွေ ခံစားခွင့်များ ရရှိခံစားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ထမ်း အများစု၏ လုပ်ခလစာနှုန်းထားသည် အခြားနယ်ပယ်များက ဝန်ထမ်းများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျနေသေးသည် ကို မိမိတို့သိရှိပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလိုပါကြောင်း၊ ယင်းပြဿနာကို ချက်ချင်းဖြေရှင်းပေးနိုင်မည့် နည်းမရှိသေးပါကြောင်း၊ လုပ်ခလစာတိုးမြှင့်ပေးသည့် အချိန်တွင် လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည် တည်တန့်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမည်ဖြစ်သည့် အပြင် နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်း အခြေအနေနှင့်အညီလည်း ဆောင်ရွက်ရပါကြောင်း။


လစာ တိုးမြှင့်ရေးသည် မိမိတို့ဝန်ထမ်းများ မျှော်လင့်သကဲ့သို့ ချက်ချင်းမဖြစ်နိုင်သေးသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဝန်ထမ်းများကို အခြားနည်းလမ်းများနှင့် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ပိုမိုကောင်းမွန်သည့် အလုပ်ခွင်ဖန်တီးခြင်း၊ မိသားစုဝင်များအတွက် နေမှုထိုင်မှု အခြေအနေ ပိုပြီးကောင်းမွန်လာစေခြင်းတို့ဖြစ်မြောက်စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စတင်လုပ်ဆောင်နေသည့် လုပ်ရပ်တစ်ခုအနေဖြင့် အဆင့်မြင့် ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်နေသကဲ့သို့ အငြိမ်းစားယူပြီး ပြည်သူ့ဝန်ထမ်းများ အားလုံး နိုင်ငံအပေါ် သစ္စာရှိစွာ နှစ်ရှည်လ များ တာဝန်ထမ်းဆောင် ပြီးချိန်တွင် လုံလုံခြုံခြုံ၊ သိက္ခာရှိရှိ နေထိုင်သွားနိုင်ရန် အိမ်ရာများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း။


မိမိတို့ မြန်မာနိုင်ငံသည် ထူးကဲသည့် နည်းပညာနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပါကြောင်း၊ ယင်းစိန်ခေါ်မှုများထဲတွင် ရှုပ်ထွေးနက်နဲသည့် မူဝါဒ ချမှတ်မှုများနှင့် အလျှော့အတင်း လုပ်ရမည့် ကိစ္စများလည်း ပါရှိနေပါကြောင်း၊ အခြားနိုင်ငံများတွင် ဆယ်စုနှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း ဖြေရှင်းယူလာခဲ့သည့် ပြဿနာများကို မိမိတို့နိုင်ငံအနေဖြင့် လာမည့် နှစ်အနည်းငယ် အတွင်း၌ ဖြေရှင်းယူရမည့် အနေအထားတွင် ရှိနေပါ ကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများ၏ အောင်မြင်မှု၊ မှားယွင်းမှုများကို သင်ခန်းစာယူပြီး တစ်ဖက်တွင်လည်း နည်းပညာ သစ်များ၊ တီထွင်ကြံဆမှုများနှင့် အခွင့်အလမ်းများကို ခုန်ပျံကျော်လွှား ရှာဖွေကြိုးပမ်း အားထုတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖက်ဒရယ်အစိုးရ ထွက်ပေါ်လာခြင်းဖြင့် ကြုံတွေ့လာနိုင်သည့် ပြောင်းလဲမှု၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားရန် လိုအပ်ပါကြောင်း။


ထိုသို့ဆောင်ရွက်နိုင်ရန် အဓိကအားဖြင့် ဉာဏ်ပညာထက်မြက်မှု၊ ခက်ခဲနက်နဲသည့် စီမံခန့်ခွဲမှု၊ ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်တတ်မှုနှင့် ထက်ထက်မြက်မြက် ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်မှု စသည့် အရည်အချင်းများ လိုအပ်ပါ ကြောင်း၊ ယင်းတို့ကို ကြိုးပမ်း ဖော်ဆောင်ပေးရမည့် သူများ၊ လုပ်ငန်းများ၏ အောင်မြင်မှု အတွက် အဓိကကျသည့် သူများမှာ ပြည်သူ့ဝန်ထမ်းများပင် ဖြစ်ပါကြောင်း၊ ဒါကြောင့် ဝန်ကြီးဌာနများ၊ အစိုးရ အဖွဲ့အစည်းများကို မိမိတို့၏ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းများ၏ စွမ်းရည်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပေး ကြရန် တိုက်တွန်းနေခြင်း ဖြစ်ပါကြောင်း။
လက်ရှိအချိန်တွင် ပြည်သူ့ဝန်ထမ်းများအတွက် နိုင်ငံရပ်ခြားတွင် လေ့ကျင့်ရေး သင်တန်းများ သွားရောက်လေ့လာ သင်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုပြီးပွင့်လန်းလာသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ ထိုအခွင့်အလမ်းများကို စနစ်တကျ အစီအစဉ်များ ချမှတ်ပြီး လက်တွေ့ကျကျ အာရုံစိုက်အသုံးချသွားနိုင်မည်ဆိုပါက မိမိတို့၏ ပြည်သူ့ ဝန်ထမ်းများအတွက် အဖိုးထိုက်တန်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အသစ်များနှင့် မူဝါဒဆိုင်ရာ ပညာရပ်များ ရရှိတိုးပွားလာမည်ဖြစ်ပါကြောင်း။


ယနေ့ထုတ်ပြန်လိုက်သည့် မဟာဗျူဟာစီမံချက်သည် ဝန်ထမ်းများ၏ လုပ်ရည် ကိုင်ရည်နှင့် အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြှောက်စားမှုပြုသည့် ယဉ်ကျေးမှုအစဉ်အလာနှင့်စနစ် ထွန်းကားရေးအတွက် အရေးပါမှုကို အသိအမှတ်ပြု ထားပါကြောင်း။


ဝန်ထမ်း များကို ရာထူးတိုးမြှင့်မြှောက်စားရာတွင် ဓမ္မဓိဋ္ဌာန်ကျပြီး ပွင့်လင်းမြင်သာမှုရှိ သည့် သတ်မှတ်တိုင်းတာ ချက်များဖြင့် ဆုံးဖြတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းရည်အလားအလာရှိမှုကို သုံးသပ်နိုင်ရမည် ဖြစ်ပါကြောင်း၊ ဘက်လိုက် မျက်နှာသာပေးခြင်းနှင့် နီးစပ်သူကို ချီးမြှောက်သည်ဟု အထင်အမြင် စိုးစဉ်းမျှပင် မရှိစေနိုင်ရန် အစွမ်းကုန်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ခြင်းဖြင့် ပြည်သူ့ဝန်ထမ်းများ၏ ကြိုးစားအားထုတ်လိုစိတ်၊ တက်တက်ကြွကြွ အလုပ်လုပ် ကိုင်လိုစိတ်များ အမှန်တကယ် ပေါ်ထွန်းလာစေပြီး တစ်ဖက်တွင်လည်း လုပ်ငန်းခွင်တွင် လူမှန်နေရာမှန် ဖြစ်လာစေမည် ဖြစ်ပါကြောင်း။


မိမိတို့နိုင်ငံ၏ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများသည် နိုင်ငံအတွင်းရှိသည့် မတူကွဲပြား မှုများကို ရောင်ပြန်ဟပ်ရန် အရေးကြီးပါကြောင်း၊ ယနေ့ အထက်တန်း ကျောင်းသူ၊ ကျောင်းသား တိုင်းသည် ၎င်းတို့၏ မွေးရပ်ဇာတိမြေ၊ လူမျိုးစု၊ ကိုးကွယ် သောဘာသာ၊ အသိုင်းအဝိုင်း၊ ဥစ္စာဓန၊ ကျား / မ လိင် ကွာခြားမှုများကြောင့် အနာဂတ်တွင် ဝန်ထမ်း လောကထဲသို့ ဝင်ရောက်နိုင်ရေး အခွင့်အလမ်းများ ပိတ်ဆို့နေမည်ကို မခံစားစေသင့်ပါကြောင်း၊ မည်သည့် နောက်ခံအသိုင်းအဝိုင်းကဖြစ်ဖြစ် အကောင်းဆုံး၊ အတော်ဆုံးများကို ပြည်သူ့ဝန်ထမ်းလောကအတွင်း ဝင်ရောက်ပြီး အနေမြဲစေမည့် ဝန်ထမ်းရွေးချယ် ခန့်အပ်ရေး စနစ်ကို ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမှန် တကယ် အားလုံးပါဝင်ခွင့်ရှိသည့် ဝန်ထမ်းလောကကို ဖန်တီးနိုင်ခြင်းသည် မှန်ကန်သည့် တန်ဖိုးထားမှုများ မြှင့်တင် ပေးသည့်အပြင် လက်တွေ့ကျသ ည့် အကျိုးဖြစ်ထွန်းမှုကိုလည်း ရရှိစေမည် ဖြစ်ပါကြောင်း။


နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် ပြည်သူ့ဝန်ထမ်းကျင့်ဝတ် တောင့်တင်းခိုင်မာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်သင်ကြားမှုများပေးရန်၊ တိုင်ကြားရေးနှင့် ဖော်ထုတ်ရေးဆိုင်ရာ ယန္တရားထိ ရောက်မှုရှိရန်၊ အဆင့်မြင့်ရာထူးရာခံ ရှိသူများ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပံ့ပိုး ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းကို နည်းပါးအောင်ဆောင်ရွက်ရန်စသည့် အစီအစဉ်များလည်း ထည့် သွင်းဆောင်ရွက်ထားပါ ကြောင်း။


အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းသည် မဟာဗျူဟာစီမံချက်တစ်ခုလုံး၏ ရည်မှန်းချက် အောင်မြင်ရေးကို အထောက်အကူဖြစ်စေမည့်အပြင် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိမိတို့ ဝန်ဆောင်မှုပေးနေသည့် လူ့ဘောင် အဖွဲ့အစည်းအကြားတွင် ယုံကြည်မှုကိုလည်း တိုးတက်ဖြစ်ထွန်း စေပါကြောင်း၊ ယုံကြည်မှုကို တည်ဆောက်သည့် နေရာတွင် ပြည်သူ့ဝန်ထမ်းအနေဖြင့် သိက္ခာရှိရှိနေတတ်ရန်၊ ဘက်လိုက်မှုကင်းရှင်းရန်၊ မိမိအလုပ်နှင့် ပတ်သက်ပြီး တာဝန်ယူမှုရှိရန် လိုအပ်ပါကြောင်း၊ တစ်ချိန်တည်းတွင် အများပြည်သူ ဘက်ကလည်း ပြည်သူ့ဝန်ထမ်းများအပေါ် လေးစားမှုနှင့် ယဉ်ကျေး ပျူငှာစွာဆက်ဆံရန် လိုအပ်ပါကြောင်း၊ ထိုသို့ အပြန်အလှန် ယုံကြည်လေးစားမှုကို အချိန်ယူတည်ဆောက်ရ မည်ဖြစ်ပါကြောင်း၊ ယင်းသို့ တည်ဆောက်နိုင်မှလည်း အများအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း။


နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်သည် ရှုပ်ထွေးနက်နဲသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ အပြောင်းအလဲကို ရှာဖွေဖော်ဆောင်ရာတွင် လက်ရှိဖွဲ့စည်း တည်ဆောက်မှုနှင့် လုပ်ငန်းစဉ်များကို သာမက ယဉ်ကျေးမှုတစ်ရပ်ဟု ခေါ်ဆိုနိုင်သည့် ကာလ ရှည်ကြာစွာ အမြစ်တွယ်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အကျင့်စရိုက် ဟောင်းများကို ပယ်ဖျက်ပစ်ပြီး ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် ခက်ခဲရှုပ်ထွေးပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် အနာဂတ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးရာမှ ထွက်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် လိုအပ်ပါကြောင်း။

 
မည်သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ယင်းတာဝန်ကို မတွန့်မဆုတ် အကောင်အထည် ဖော်သွားမည် ဖြစ်ပါကြောင်း၊ " ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်" ဆိုသည့် အတိုင်း မိမိတို့ နိုင်ငံ၏ အစွမ်းအစ များကို အမှန်တကယ် ထွက်ပေါ်လာစေလိုလျှင် မိမိတို့၏ ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီ၊ အစုအဖွဲ့ တစ်ခုချင်းစီ၏ စွမ်းရည် များကို တိုးတက်လာအောင် ဖော်ထုတ်ပေးရမည်ဖြစ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် လမ်းကြောင်းကို လျှောက်လှမ်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမှန်တကယ်လေးစား ဂုဏ်ယူအားထားရသည့် ဝန်ထမ်းအဖွဲ့အစည်းကောင်း တစ်ရပ် ဖြစ်လာရေးဆိုသည့် ဘုံရည်မှန်းချက်အတွက် မိမိတို့အားလုံး တစ်သွေးတစ်သားတည်း ညီညီညွတ်ညွတ် ကြိုးပမ်းအကောင်အထည် ဖော်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။


ယင်းနောက် အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်၍ ဆက်လက်ကျင်း ပသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့် ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီစဉ်မှ Country Director, Mr. Peter Batchelor တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်ဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း က ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့ဦးဆောင်သည့် ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင် ရေးမဏ္ဍိုင်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသအကြီးအကဲများရှေ့မှောက်တွင် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြု ပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (Civil Service Reform Strategic Action Plan 2017-2020) ကို ထုတ်ပြန်ကြေညာသည်။


မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အတွက် ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ကျင်းပခဲ့သည့် ပထမအကြိမ် အကြံပြုအလုပ်ရုံဆွေးနွေးပွဲဖြင့် လုပ်ငန်းစဉ်ကို အစပျိုးပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု ဆိုင်ရာအနာဂတ် မျှော်မှန်းချက်ကိုလည်း ချမှတ်ပေးနိုင်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲပြီးနောက် အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲ ၄ ခုကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက် ကျင်းပခဲ့ရာ ကိုယ်စားလှယ်စုစုပေါင်း ၁၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် မဟာဗျူဟာစီမံချက်ရေးဆွဲရာတွင် အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရေး နှင့် ပြည်သူများထံ တိုင်ပင်ဆွေးနွေးမှုပြုနိုင်ရန် ၂၀၁၇ ခုနှစ် ဧပြီလတွင် မဟာဗျူဟာစီမံကိန်း၏ ရလဒ်များနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website များနှင့် Facebook account များဖွင့်လှစ်၍ ပွင့်လင်းမြင်သာမှု ရှိစွာ ကြေညာပေးခဲ့သည်။ လူမှုမီဒီယာနှင့် သမားရိုးကျမီဒီယာများကို အသုံးပြု၍ ပြည်သူလူထုသိရှိနိုင်ရေး ဆောင်ရွက်ခဲ့သကဲ့သို့ ပိုမို ကျယ်ပြန့်သည့် ဆက်စပ်ပတ်သက်သူအမျိုးမျိုးထံမှလည်း တုန့်ပြန်အကြံပြုမှုများရရှိနိုင်ရန် ဆောင်ရွက်ခဲ့သည်။


အဆိုပါ အကြံပြုအလုပ်ရုံဆွေးနွေးပွဲများမှ မဟာဗျူဟာစီမံချက်မူကြမ်းကို အကြိမ်ကြိမ် ဆွေးနွေး ပြင်ဆင်ခဲ့ပြီးနောက် ယနေ့တွင် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို ထုတ်ပြန်ကြေညာ နိုင်ခဲ့ခြင်းဖြစ်သည်။


မဟာဗျူဟာ စီမံချက်ကို နိုင်ငံ့ဝန်ထမ်းအခန်းကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် ပြည့်၀ရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

 
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။


ယင်းနောက် နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် လုပ်ငန်းအစီ အစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက နိုင်ငံ့ဝန်ထမ်း အုပ်ချုပ်မှုပုံစံသစ်ကို လည်းကောင်း၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်းက အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်ရည်ရှိမှုကို ဦးစားပေးသော အလေ့အထ နှင့် စနစ်များကိုလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုးက ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကို မြှင့်တင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်းလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် က နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်လုပ်ငန်း အစီအစဉ်ကို အကောင်အထည်ဖော်မှုနှင့် စောင့်ကြည့် လေ့လာမှု လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 
အဆိုပါ ဦးစားပေးနယ်ပယ်(၄)ခုအပေါ် အုပ်စု ၈ စုခွဲ၍ အသေးစိတ်ဆွေးနွေးကာ အဖွဲ့လိုက် ဆွေးနွေး ရရှိမှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် (အငြိမ်းစား) ဦးမြသိန်း ဦးဆောင်၍ ပြန်လည်တင်ပြ သုံးသပ်ဆွေးနွေးပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။


အဆိုပါ ဖိုရမ်ကို ဇူလိုင် ၁၂ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။