Submitted by cwmsco2 on Thu, 06/15/2017 - 17:22

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံတရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် - ဇွန် ၁၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူးဒိုး၊ ဆွီဒင်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာအော်ရိဘန် အာလင်းနှင့် ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့၏ ဖိတ်ကြားချက်များအရ ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Mrs. Karen Mac Arthur၊ ဆွီဒင်နိုင်ငံသံရုံးမှ ကောင်စစ်ဝန် Ms. Ann Constance Stodberg နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန် ၆ ရက် တွင် ကနေဒါနိုင်ငံ အော်တာဝါမြို့၌ ကျင်းပသည့် ဖက်ဒရယ်နိုင်ငံများဖိုရမ်ကို တက် ရောက်ခဲ့ပြီး ကနေဒါနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် ရင်ဆိုင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို လေ့လာခြင်း၊ ဇွန် ၇ ရက်တွင် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင်ထရူးဒိုးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ကနေဒါ နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကောင်းမွန် သည့် စီမံအုပ်ချုပ်ရေး၊ အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးု၊ စိုက်ပျိုးရေးကဏ္ဍအတွက် ခေတ်မီနည်းပညာများ ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးကာလ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွားနိုင်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည့် အပြင် ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံသို့ တည်ငြိမ်မှုမြှင့်ရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးအတွက် ကူညီပံ့ပိုးပေးမည့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်း ပေးအပ်မည့် အစီအစဉ်ကိုလည်း သဘောတူညီမှု ရယူနိုင်ခဲ့သည်။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွီဒင်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ဇွန် ၁၃ ရက်တွင် Olof Palme International Prize  2005  ဆုလက်ခံယူ ခြင်း၊ ဆွီဒင်ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်နှင့် တွေ့ဆုံ၍ အသွင်ကူးပြောင်းဆဲကာလ တွင်  မြန်မာနိုင်ငံ၏စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဆွီဒင်နိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးပေးရေး၊ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆွီဒင်နိုင်ငံမှ ချမှတ်အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင် အသစ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် အဆင့် မြှင့်နည်းပညာများ ဖလှယ်ရေးနှင့် ဈေးကွက်ဖန်တီးပေးရေး၊ ကုန်သွယ်ရေး၊ ပညာရေး နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။